နေပြည်တော် ဖေဖော်ဝါရီ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့ ဖောင်တော်ကြီး ဆိပ်ခံတံတားနယ်မြေရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား နိုင်ငံ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးတိုးတက်ဖြစ်ပေါ်မှု အခြေအနေများ ရှင်းလင်းပြောကြားပြီး ဌာနအလိုက် လုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရေး၊ ဌာနအချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြ ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုမခံရစေရေး၊ စက်သုံးဆီနှင့် လျှပ်စစ်မီးများ ခြိုးခြံချွေတာနိုင်ရေး၊ မိမိဌာနရုံးနယ်မြေအလိုက် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို မှာကြားပြီးနောက် ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဖောင်တော်ကြီးဆိပ်ခံတံတား အခြေအနေကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ရှိ ရွှေမင်းဂံဆိပ်ခံတံတားနေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများက နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်သော ကုန်တင်လှေများဆိုက်ကပ်၊ ထွက်ခွာမှုအခြေအနေ၊ ကုန်စည်စီးဆင်းမှု အခြေအနေ၊ လက်ရှိအသုံးပြုနေသော ဆိပ်ခံတံတား သည် သက်တမ်းကြာမြင့်ပြီဖြစ်၍ မွမ်းမံပြင်ဆင်ရန် လိုအပ်မှုအခြေအနေနှင့် အနီးပတ်ဝန်းကျင်ရှိ ဆိပ်ခံတံတားငယ်များနေရာတွင် ဆိပ်ခံတံတားကြီးများ အစားထိုးတည်ဆောက်နိုင်ရေး လိုအပ်မှုအခြေအနေ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ ကြောင်းသတင်းရရှိသည်။
သတင်းစဉ်