နေပြည်တော် ဖေဖော်ဝါရီ ၄
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့က ပုသိမ်မြို့ ကိုးသိန်းအားကစားခန်းမ၌ ပြုလုပ်ရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ကျောင်းသားအားကစားပြိုင်ပွဲ အဖွင့်ပွဲစဉ်များဖြစ်သည့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် မအူပင်ခရိုင်အသင်းနှင့် မြောင်းမြ ခရိုင်အသင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပုသိမ်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေး ကြသည်။
အဆိုပါ ကျောင်းသားအားကစားပြိုင်ပွဲတွင် ခရိုင်ခြောက်ခုမှ အမျိုးသားခြောက်သင်း၊ အမျိုးသမီး ခြောက်သင်းတို့က ဖေဖော်ဝါရီ ၅ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်