နေပြည်တော် ဖေဖော်ဝါရီ ၄
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်မှုသင်တန်း ကျောင်းများ၏ ပညာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများ ညွှန်ကြားရေးမှူးချုပ်များ၊ စက်မှုသင်တန်းကျောင်းများမှ နည်းပြ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက် သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုသင်တန်းကျောင်းများတွင် သင်ကြားနေကြသည့် ဆရာ/ဆရာမများအတွက် ပညာရေးဒဿနနှင့် ပတ်သက်၍ ဆွေးနွေးရန် လိုအပ်နေသဖြင့် ပညာရေးဒဿနိကဗေဒ၏ အခြေခံအချက်များဖြစ်သည့် အတွေးအခေါ်၊ ပညာရေး၊ ပညာရေး ဆိုင်ရာ ဒဿနိကဗေဒ၏ ရည်ရွယ်ချက်များနှင့် နယ်ပယ်၊ အသုံးဝင်မှုများ၊ အဓိကကျသော ပညာရေးဆိုင်ရာ အတွေးအခေါ်များ၊ ဒဿနပညာရှင်များ၏ အရေးပါသည့် ပညာရေးအတွေးအခေါ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး သင်တန်းကျောင်းများတွင် အသုံးချသင့်သည့် ပညာရေးဒဿနများနှင့်ပတ်သက်၍ အသေးစိတ်ထပ်မံ ဆွေးနွေးသည်။
စက်မှုဝန်ကြီးဌာနတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုသင်တန်းကျောင်း (၈)ကျောင်းကို တည်ထောင်ထားရှိ၍ စက်မှုကျွမ်းကျင် လုပ်သားများကို မွေးထုတ်ပေး လျက်ရှိရာ စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်း သင်ကြားရေးနည်းစနစ်ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သင်တန်းကျောင်းများနှင့် ကိုက်ညီမည့် ပညာရေးဒဿနများ ကို ရွေးချယ်အသုံးပြုသွား ရမည်ဖြစ်ကြောင်း၊ စက်မှုသင်တန်းကျောင်းများသည် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသောကြောင့် သင်တန်းကျောင်းများရှိ နည်းပြဆရာ/ဆရာမများ၏ အရည်အသွေး တိုးတက်စေရေးအတွက် စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရေး သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရ သည်။
(သတင်းစဉ်)