Skip to main content

ဝါစိုက်ပျိုး၊ ထွက်ရှိ၊ ထုတ်လုပ်၊ သုံးစွဲမှုကိန်းဂဏန်းများ မှန်ကန်စေရေးနှင့် ပြည်တွင်းဈေးနှုန်း တည်ငြိမ်စေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   ဖေဖော်ဝါရီ   ၄

ဝါစိုက်ပျိုး၊ ထွက်ရှိ၊ ထုတ်လုပ်၊ သုံးစွဲမှုကိန်းဂဏန်းများ မှန်ကန်စေရေးနှင့် ပြည်တွင်းဈေးနှုန်း တည်ငြိမ်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိက ပိုင်ချည်စက်များအတွက် အဓိကလိုအပ်သော ဝါကုန်ကြမ်းဝယ်ယူရရှိရေး၊ ပြည်တွင်းထွက်ရှိသည့် ဝါများကို ပြည်တွင်းချည်မျှင် ထုတ်လုပ်မှု လုပ်ငန်းများအတွက် လုံလောက်စွာဝယ်ယူနိုင်ရေးနှင့် ပြည်ပသို့ တင်ပို့ရောင်းချခွင့်ပြုမည့်အခြေ အနေ၊ ဝါနှင့်ချည်မျှင်လုပ်ငန်း Supply Chain တစ်လျှောက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ပြည်တွင်းဝါအသုံးပြု၍ ချည်ထည်ထုတ်လုပ်သော စက်ရုံများ၊ ပြည်တွင်းကုန်သည် လုပ်ငန်းရှင်များ မျှတသောအကျိုးစီးပွားခံစားရစေရေးနှင့် ဝါကဏ္ဍရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် လုပ်ငန်းစဉ်များအားလုံး ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိ၍ ပြည်တွင်းထုတ်ကုန် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်း ဝါဝယ် ယူရေးကိစ္စများတွင် အဆင်ပြေချောမွေ့စေရန်တို့အတွက် အသေးစိတ်ညှိနှိုင်းခဲ့ကြသည်။         

အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် တာဝန်ရှိသူများ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဝါနှင့် ဝါထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ဝါသီးနှံ စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ချည်စက်လုပ်ငန်းရှင်များ အစုအဖွဲ့နှင့် ယက္ကန်းလုပ်ငန်းရှင်အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။ 

(သတင်းစဉ်)