Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များကို တွေ့ဆုံနှုတ်ဆက်

နေပြည်တော်   ဖေဖော်ဝါရီ   ၄

၂၀၂၂ ခုနှစ်၊(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်သည် ယနေ့နံနက်ပိုင်းတွင် စိန်ရတုပြည် ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ အားကစားလေ့ကျင့်ရေး စခန်းရှိစားရိပ်သာ၌ တွေ့ဆုံနှုတ်ဆက်သည်။

တွေ့ဆုံပွဲသို့ ဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌများ၊ ကော်မတီအဖွဲ့ဝင်များ၊ ကော်မတီအတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ် ကျေးမှုကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်တွင်ပါရှိသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကျစ်လစ်ခိုင်မာသည့် ညီညွတ်သောစုစည်းအားဖြင့် နိုင်ငံတော်ထာဝစဉ် တည်တံ့ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဟန်ချက် ညီညီဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်မခွဲခြားဘဲ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ခံစားသင့်ခံစားထိုက်သည့်၊ ရသင့်ရထိုက်သည့် အခွင့်အရေးများကိုလည်း ဦးစားပေး ပုံဖော်လျက်ရှိပါကြောင်း၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ ဖွံ့ဖြိုးတိုးတက်ရန်၊ တည်တံ့ခိုင်မြဲရန်၊ ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့် မြှင့်တင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်  တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားယဉ် ကျေးမှု အဖွဲ့များ တည်းခိုနေထိုင်သည့် တည်းခိုဆောင်များ၊ ဆေးပေးခန်း၊ စာကြည့်တိုက်နှင့် ဆပ်ကော် မတီရုံးခန်းများကို လှည့်လည်ကြည့်ရှုသည်။

စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များကိုတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအကများ အပြန်အလှန်ဖလှယ်နိုင်ရန် ရယ်ရွယ်၍ ဖိတ်ကြားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသ ကြီးမှ ၃၉ ဦး၊ ကချင်ပြည်နယ်မှ ၃၃ ဦး၊ ကယားပြည်နယ်မှ ၂၇ ဦး၊ ကရင်ပြည်နယ်မှ  ၃၉ ဦး၊ ချင်းပြည်နယ်မှ ၃၇ ဦး၊ မွန်ပြည်နယ်မှ ၃၄ ဦး၊ ရခိုင်ပြည်နယ်မှ ၃၅ ဦးနှင့် ရှမ်းပြည်နယ်မှ ၃၈ ဦး စုစုပေါင်း ၂၈၂ ဦး ရောက်ရှိကြောင်းသိရသည်။

တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များသည် နေပြည်တော်၏ အထင်ကရနေရာများဖြစ်သည့် ဥပ္ပါတသန္တိစေတီတော်၊ နေပြည်တော်ဗုဒ္ဓဂါယာ၊ လွှတ်တော်အဆောက်အဦ၊ စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ နက္ခတာရာပြခန်း၊ ကျောက်မျက်ရတနာပြ တိုက်၊ နေပြည်တော်မြို့မဈေး၊ တိရစ္ဆာန်ဥယျာဉ်၊ နေပြည်တော်ရေပန်းဥယျာဉ်နှင့် Junction Center တို့ကို သွားရောက်လေ့လာကြမည်ဖြစ် ကြောင်းသိရသည်။

သတင်း- မျိုးဆက်သစ်

ဓာတ်ပုံ- ကိုကိုအေး