နေပြည်တော် ဖေဖော်ဝါရီ ၃
၂၀၂၂ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များသည် ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အားကစားလေ့ကျင့်ရေးစခန်းသို့ ရောက်ရှိကြသည်။
ထိုသို့ ရောက်ရှိလာကြသည့် တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များကို စိန်ရတုပြည်ထောင်စုနေ့ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ် ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အနုပညာ ဦးစီးဌာနက အိုးစည်၊ ဒိုးပတ်ဝိုင်းများဖြင့် ကြိုဆိုကြပြီး သတ်မှတ်ထားသည့် တည်းခိုဆောင်များအလိုက် နေရာချထားရေးကို စီစဉ်ဆောင်ရွက် ပေးကြသည်။
စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ယဉ်ကျေးမှုကိုယ်စားအဖွဲ့များမှာ ရန်ကုန်တိုင်း ဒေသကြီးမှ ၃၉ ဦး၊ ကချင်ပြည်နယ်မှ ၃၃ ဦး၊ ကယားပြည်နယ်မှ ၂၈ ဦး၊ ကရင်ပြည်နယ်မှ ၄၀ ၊ ချင်းပြည်နယ်မှ ၃၇ ဦး၊ မွန်ပြည်နယ်မှ ၃၄ ဦး၊ ရခိုင်ပြည်နယ်မှ ၃၅ ဦးနှင့် ရှမ်းပြည်နယ်မှ ၃၉ ဦး စုစုပေါင်း ၂၈၅ ဦး တို့ဖြစ်ပြီး ယနေ့တွင် ခေတ္တတည်းခိုမည့် အားကစားလေ့ကျင့်ရေးစခန်းသို့ ရောက်ရှိ ကြကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနက တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့ဝင်များ အနားယူနေချိန် အတွင်း သုတ၊ ရသ ၊ ကဏ္ဍစုံလင်စွာ ပါဝင်သည့် စာအုပ်၊ စာပေများ ဖတ်ရှုနိုင်သည့် စာကြည့်တိုက်နှင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်ကို အုပ်ချုပ်မှုအဆောင်၌ ဖွင့်လှစ်ထားသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာန ကလည်း ကိုယ်စားလှယ်အဖွဲ့ဝင်များ ကျန်းမာရေးတစ်စုံတစ်ရာဖြစ် ပေါ်လာပါက ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် ဆေးခန်းနှင့် တိုင်းရင်းဆေးခန်းတို့ ဖွင့်လှစ်ထားသည်ကိုလည်း တွေ့ရသည်။
သတင်း - မျိုးဆက်သစ်/ ဓာတ်ပုံ - ကိုကြီးထိန်