Skip to main content

နိုင်ငံတော်ရည်မှန်းချက်အောင်မြင်ရေး တစ်မျိုးသားလုံးဝိုင်းဝန်းကြိုးပမ်း

နိုင်ငံတစ်နိုင်ငံတွင် ကာကွယ်ရေးနှင့်စီးပွားရေးသည် အပြန်အလှန် အမှီသဟဲပြုလျက်ရှိသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လျှင် ကာကွယ်ရေး စွမ်းအား မြင့်မားပြီး ကာကွယ်ရေးစွမ်းအား မြင့်မား တိုးတက်လျှင် နိုင်ငံနှင့်လူမျိုးကို အလုံးစုံကာကွယ်စောင့်ရှောက်နိုင်သည့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ် ပေါ်လာ ပေမည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး(၁/၂၀၂၂)တွင် ရှင်းလင်း ပြောကြားခဲ့သည်။

“ဒီနှစ် ၂၀၂၂ ခုနှစ်ဟာ ကျွန်တော်တို့အတွက် စိန်ခေါ်တဲ့နှစ်တစ်နှစ်လည်း ဖြစ်လာနေပြီ။ ဘာလို့လဲ ဆိုတော့ ဒီစီးပွားရေးကို ပြန်ပြီးတည့်မတ်လာအောင်လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့အပေါ်မှာ ပြည်သူက ယုံကြည်မှုရှိလာမယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်သုံးခုရှိပါတယ်။ တစ်အချက်ကတော့ တိုင်းပြည်စီးပွားရေးကို ကျွန်တော်ရအောင်ဆွဲတင်မယ်ပြောထားတယ်။ ပြီးခဲ့တဲ့နှစ် အတွေ့အကြုံအရ ကျွန်တော်တို့မလုပ်နိုင်စရာ အကြောင်းမရှိဘူး။ ၂၀၂၂ ခုနှစ်မှာ စီးပွားရေးအားကောင်းအောင် ကျွန်တော်တို့ တိုးတက်အောင်လုပ်မယ်။ ပြီးရင် ဒုတိယကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ ရှေ့လုပ်ငန်းစဉ်မှာ ဖော်ပြထားတဲ့ ပါတီစုံဒီမိုကရေစီ စနစ် ဖော်ဆောင်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းရပ် တွေမှာ ကျွန်တော်တို့ရထားတဲ့ လမ်းကြောင်းတွေမှာ ကျွန်တော်တို့အကုန်လုပ်မှာ။ အဲဒီနှစ်ခု နိုင်ငံရေး ကလည်းကောင်းနေတယ်၊ စီးပွားရေးကလည်း အားကောင်းလာပြီဆိုရင် ဒီဘက်က နိုင်ငံတော် ကာကွယ်ရေးအတွက်ကို အားလုံးပါဝင်တဲ့ ကာကွယ်ရေးစနစ်ကို နောင် ကျွန်တော်တို့သွားရမယ်။”

မျက်မှောက်ကာလတွင် ကမ္ဘာပေါ်၌ အင်အားကြီးနိုင်ငံများ၏ လက်ဝေခံ ပြုလုပ်မှု၊ ဝင်ရောက်စွက် ဖက်မှု၊ ဗိုလ်ကျ စိုးမိုးမှုများ ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံစည်းလုံး ညီညွတ်မှုနှင့် ကာကွယ်ရေးစွမ်းအား အားနည်းနေသောနိုင်ငံများမှာ အနိုင်ကျင့်ဖိအားပေးမှုများ ခံကြရသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းနိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသောကြောင့် နိုင်ငံစည်းလုံးညီညွတ် ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေး၊ ကာကွယ်ရေးစွမ်းအားမြင့်မား တိုးတက်ရေးကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ကြိုး ပမ်းဆောင်ရွက်နေသည်။

လက်ရှိအခြေအနေတွင် နိုင်ငံ၏စိန်ခေါ်မှုများအား ကျော်လွှားနိုင်ခဲ့သည့် စွမ်းပကားများကို အကြောင်း ပြု၍ နိုင်ငံ့စီးပွားရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များ လမ်းကြောင်း မှန်ပေါ်သို့ ပြန်လည် ရောက်ရှိနိုင်ရန် ခွန်အားများရရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကာကွယ်ရေးစွမ်းအား မြင့်မားတိုး တက်ရန်လိုအပ်သဖြင့် အင်အားတောင့်တင်းခိုင်မာသည့် ခေတ်မီ တပ်မတော်ဖြစ်ထွန်းရေးအတွက် နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရေးကို ဒီမိုကရေစီနိုင်ငံများတွင် များသော အားဖြင့် ပြုလုပ်လေ့ ရှိသည်။ နိုင်ငံတော်အတွက်လိုအပ်လျှင် နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဟု အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မှာကြားခဲ့ဖူး သည်။ မြန်မာနိုင်ငံတွင် အမျိုးသားစစ်မှု ထမ်းဥပဒေရှိသော်လည်း တိုင်းရင်းသားလူမျိုးအချင်းချင်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ရှိသေးသော ကြောင့် ဥပဒေကို မကျင့်သုံးရသေးချေ။ သို့သော် နောင်တွင် နိုင်ငံသားတိုင်း ဥပဒေအရ စစ်မှုထမ်းကြရမည် ဖြစ်သည်။ ။

နိုင်ငံတော်၏ စီးပွားရေးဘက်တွင် တပ်မတော်က နိုင်ငံတော် ၏တာဝန်ကို စတင်ရယူသည့် ယမန်နှစ်ကာလက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသော နှောင့်ယှက်ဖျက်ဆီးမှုများ ကြောင့်စိန်ခေါ်မှုများ၊ အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ သို့သော် လုံခြုံရေးအဖွဲ့အစည်းများနှင့် စီးပွားရေး ဘက်ဆိုင်ရာ လုပ်ငန်းဌာနများက အခက်အခဲအနှောင့်အယှက် စိန်ခေါ်မှုများကြားမှ ပြည်သူများ စားဝတ်နေရေးလုပ်ကိုင်ဆောင်ရွက်မှု အဆင်ပြေစေရေးနှင့် နိုင်ငံ့စီးပွားရေး ပြန်လည် ဦးမော့လာရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါတွင်ကောင်းသည့် အလားအလာဘက် ဦးတည်နေသည်ကို တွေ့ရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေး၊ စီးပွားရေးဘက်တွင် ကောင်းမွန်သော အနေအထားများရှိလာပြီဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့ပြီး တိုင်းရင်းသား ပြည်သူများ လူမှုစီးပွားမြင့်မားတိုးတက်ရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင် စွာကျင်းပနိုင်ရေးနှင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝ သည့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များအား ဖော်ဆောင်နိုင်တော့မည်ဖြစ်၍ တိုင်းရင်းသားပြည်သူများ၏ ယုံကြည်မှုကိုရရှိပြီး ကာကွယ်ရေး၊ စီးပွားရေး မြင့်မား တိုးတက်သောနိုင်ငံဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။

(ကြေးမုံအယ်ဒီတာ့အာဘော်)