Skip to main content

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်လှစ် အရေးယူ

နေပြည်တော် ဖေဖော်ဝါရီ   ၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့် အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းထံမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ထောက်ခံပေးရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန် ရည်ရွယ်၍ ပေးအပ်သော အမေရိကန် ဒေါ်လာ ၆၀၀,၀၀၀ (ခြောက်သိန်း)နှင့် အကယ်ဒမီ အခေါက်ရွှေ ၇ ပိဿာတို့ကို သုံးကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်း၊ ဒေါ်ခင်ကြည်ဖောင် ဒေးရှင်း(ရုံးချုပ်)ဖွင့်လှစ်ရန် မြေ ၁ ဒသမ ၈၆ ဧကနှင့် အဆောက်အဦတို့ကို လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် ထိုက်သင့်သည့်တန်ဖိုးမပေးဘဲ လျော့နည်းသက်သာသောနှုန်းထားနှင့် ငှားရမ်းဆောင်ရွက်စေခဲ့ခြင်းကြောင့် နိုင်ငံတော်က ငွေကျပ်သန်း ၅၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်း၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းစီမံကိန်းဆောင်ရွက်ရန် ဥတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ ၁၀၁ ဒသမ ၃၃ ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို  နေပြည်တော်စည်ပင်သာယာရေး ကော်မတီထံမှ လျှောက်ထားရယူခဲ့ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမဟုတ်ဘဲ ထိုက်သင့်သည့်တန်ဖိုးထက်များစွာ လျော့နည်းလျက်ပေးချေခဲ့ခြင်းကြောင့် နိုင်ငံတော်မှ ငွေကျပ် ၁၉ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့ခြင်း။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ မူလရည်ရွယ်ချက်ဖြစ်သည့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝ မြှင့်တင်ရေးလုပ်ငန်းများနှင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိသော ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရန် နေအိမ်အဆောက်အဦကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ အများပြည်သူမှ ထည့်ဝင်လှူဒါန်းထားသော အလှူငွေများထဲမှ ငွေကျပ်သန်း ၁၆၀၀ ကျော်ကို သုံးစွဲဆောက်လုပ်စေခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဟောင်း ဦးရဲမင်းဦးနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဟောင်း ဦးမင်းသူတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲ တင်ပို့ခဲ့ရာ နေပြည်တော်သီးသန့်တရားရုံးတွင် ရုံးထိုင်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထပ်မံစစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းများအဆင်ပြေစေရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်းငွေအဖြစ်အကြောင်းပြ၍ ပေးအပ်သည့် အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ (ငါးသိန်းငါးသောင်း)ကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း လေးကြိမ်ခွဲ၍ ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်းသည် အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)နယ် မြေရဲစခန်းတွင် ဖေဖော်ဝါရီ (၃) ရက်၌ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

(သတင်းစဉ်)