နေပြည်တော် ဖေဖော်ဝါရီ ၃
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် “မောင်ရေခဲ/ မရွှေဖဲ နှင့် အာဆီယံခရီးသွား” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အခြေခံပညာမူလတန်း မြန်မာစာ သင်ခန်းစာများတွင် ဒေါက်တာမောင်ဖြူး၏ “မောင်ရေခဲနှင့် မရွှေဖဲ” ကဗျာများကို ပြဌာန်းခဲ့ဖူးပါကြောင်း၊ အဆိုပါကဗျာ များတွင် ခရီးသွားလုပ်ငန်း၏ အခြေခံသဘောသဘာဝများ ပါဝင်နေခြင်းကြောင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရာတွင် ယခုခေါင်းစဉ်အားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံအသီးသီးက ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်−၂၀၂၂ ကို ဇန်နဝါရီ (၁၇) ရက်မှ (၂၀) ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ပရီဆီဟာနုပြည်နယ်တွင် ကျင်းပခဲ့ရာ မိမိဦးဆောင်၍ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း။
မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားဝန်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးအတွက် လေကြောင်းလိုင်းများ ပျံသန်းနိုင်ရေး၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတိုးမြှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် အခြားဆက်စပ်ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက အာဆီယံ ခရီးသွားလုပ်ငန်းဖို ရမ်−၂၀၂၂ သို့ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ပါဝင်တက် ရောက်ခဲ့မှု၊ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း ဖြစ်ပေါ်နေမှုနှင့် မြန်မာနိုင်ငံအား အာဆီယံနှင့် ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် မြှင့်တင်ကြော် ငြာရာတွင် အစိုးရ−ပုဂ္ဂလိက−ပြည်သူ အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မှုတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံတကာနှင့်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်မီမီထွန်းက အာဆီယံခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်နေမှု၊ အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး သည်။
ဆက်လက်၍ ဆွေးနွေးမှုများအပေါ် အဖွဲ့(၄)ဖွဲ့ခွဲ၍ အာဆီယံခရီးသွားလုပ်ငန်း အရည်အသွေး မြှင့်တင်ရေး၊ အာဆီယံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး၊ အာဆီယံခရီးသွားလုပ်ငန်း မူဝါဒလမ်းညွှန်ချက်များနှင့် အာဆီယံခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ရေးစသည့် ခေါင်းစဉ်(၄) ခုဖြင့် အဖွဲ့လိုက်ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြပြီး အဖွဲ့(၄)ဖွဲ့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဝိုင်းဖွဲ့ဆွေးနွေးတင်ပြကြကာ တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက်အလုပ်ရုံဆွေးနွေးပွဲ သဘာပတိက အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလဒ်များအပေါ် အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ ဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးကြသူများနှင့် အဖွဲ့လိုက်ကိုယ်စားပြုသူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)