နေပြည်တော် ဖေဖော်ဝါရီ ၃
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဆရာအတတ်ပညာဦးစီးဌာန၏ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် အခြေခံ ပညာဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ပညာရေးတက္ကသိုလ်နှစ်ခုမှ ပါမောက္ခချုပ်များနှင့် ညှိနှိုင်း၍ ပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများ အရည်အသွေးမြှင့်တင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချပေးစေလိုပါကြောင်း၊ တိုင်းဒေသ ကြီး/ ပြည်နယ်ပညာရေးမှူးများကလည်း ခရိုင်/မြို့နယ် ပညာရေးမှူးများမှ ကျောင်းအုပ်၊ ဆရာ ဆရာမကြီးများအထိ အဆင့်အလိုက် စီမံ/ဘဏ္ဍာဆိုင်ရာ သင်တန်းများ၊ ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးစေလိုပါကြောင်း။
ကျောင်းများသည် ပညာသင်ကြား၊ သင်ယူမှုများ ဆောင်ရွက်ရန်နေရာဖြစ်ပါကြောင်း၊ ကျောင်းများတွင် မည်သည့်နိုင်ငံရေးလှုပ်ရှားမှုကိုမျှ လက်မခံရန် မှာကြားလိုပါကြောင်း၊ ရရှိသည့် ပညာရေးအသုံးစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ အကျိုးရှိထိရောက်စွာ အသုံးပြုကြစေလိုပါကြောင်း၊ ပညာရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး မေတ္တာထား၍ စည်းလုံးညီညွတ် စွာ လက်တွဲဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာ ဇော်မြင့်နှင့် ဦးဇော်ဝင်းတို့က ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီတို့က ပညာရေးဒီဂရီကောလိပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ် များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီး နှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ဆွေးနွေးဖြေကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ပြည်နယ်နှင့် ကျောင်းများအလိုက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)