နေပြည်တော် ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒုတိယဝန်ကြီးဒေါက်တာ အောင်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ကြပြီး စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ အရည်အသွေးပြည့်ဝရေး၊ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးလာရေး၊ တိရစ္ဆာန်ရောဂါ ထိန်းသိမ်းစောင့်ကြည့် စစ်ဆေးရေးစခန်း (Animal Quarantine Station (AQS)) တည်ဆောက်ဖွင့်လှစ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပဲခူးမြို့ မဇင်းရေလှောင်တမံသို့ ရောက်ရှိကြပြီး ဆည်ရေဝင်ရောက်မှု၊ လက်ရှိ ရေသိုလှောင်ထားရှိမှုနှင့် ဒေသအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးသည်။ အလားတူ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဘောနီရေလှောင်တမံ၏ ရေသိုလှောင်ထိန်းသိမ်း ထားရှိမှု၊ ဆည်ရေသောက်စနစ်ရှိ တူးမြောင်းမကြီးနှင့် လက်တံမြောင်းများ၊ တူးမြောင်းအဆောက်အအုံများ ပြုပြင်ပြီးစီးမှုနှင့် စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စိုက်ပျိုးရေ ပေးဝေနိုင်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား တိုးတက် ရေး၊ ဒေသရေမြေနှင့် ကိုက်ညီပြီး တောင်သူများအတွက် ဝင်ငွေအကျိုးအမြတ် ပိုမိုရရှိစေမည့် သီးနှံ ပုံစံများချမှတ်ပေးနိုင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။ ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အုတ်တွင်းမြို့နယ် ကြက်တက်ညောင်ပင်ကျေးရွာ အုပ်စုပိတောက်ခင် ကျေးရွာ ခပေါင်းဆည်ရေသောက် စနစ်အတွင်းရှိ စက်မှုလယ်ယာစနစ်ကျ လယ်မြေတွင် စိုက်ပျိုးထားသည့် နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း ၂၀၆ ဧကကို ကြည့်ရှုအားပေးပြီး ဒေသနေ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေးဆိုင်ရာများ၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ တွဲဖက်လုပ်ကိုင်နိုင်ရေး နှင့် တန်ဖိုးမြှင့် သီးထပ်သီးနှံများ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်