Skip to main content

နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှုကို မလိုလားသော ပြည်ဖျက်မီဒီယာများက အမုန်းတရားများ ဖြစ်ပေါ်အောင် သတင်းမှားများဖြင့် လှုံ့ဆော်လျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ပုဂ္ဂလိကရုပ်မြင်သံကြားနှင့် FM အသံလွှင့် လုပ်ငန်းရှင်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိက ရုပ်မြင်သံကြားနှင့် FM အသံလွှင့် လုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မီဒီယာများက သတင်းမှားများ လှုံ့ဆော်

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က အမှာစကားပြောကြားရာ၌ နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ပြည်သူလူထုအား သတင်းအမှန် များ ထုတ်လွှင့်တင်ဆက်ပေး လျက်ရှိပါကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှုကို မလိုလားသော ပြည်ဖျက် မီဒီယာများက ပြည်သူလူထုအား အစိုးရအပေါ် ဒေါသများ၊ အမုန်းတရားများ ဖြစ်ပေါ်အောင် သတင်းမှားများဖြင့် လှုံ့ဆော်လျက်ရှိသလို အကြမ်းဖက်သမားများကလည်း လူထုအား အကြောက်တရားဖြင့် ခြိမ်းခြောက် ဝါဒဖြန့်လျက်ရှိပါကြောင်း။

နိုင်ငံတော် ဝန်ကြီးချုပ်က မီဒီယာကဏ္ဍ၏ အရေးကြီးမှုကို အသိအမှတ်ပြုပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူထု၏ အားသည် များစွာလိုအပ်ပြီး နိုင်ငံ တည်ငြိမ်အေးချမ်းမှသာ ပြည်သူများ စားဝတ်နေရေးအတွက် အလုပ်ကို နောက်ဆံ မတင်းဘဲလုပ်ကိုင်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ သတင်းအမှန်များ ပျံ့နှံ့အောင် မီဒီယာကဏ္ဍမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ လက်ရှိအချိန်တွင် တစ်ဦးကိုတစ်ဦး အပြစ်ပြောနေမည့်အစား နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေး ဆောင်ရွက်ကြရမည့် အချိန်အခါဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က မီဒီယာကဏ္ဍမှ ရှေ့ဆက်လက် ဆောင်ရွက်သွားရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

အခက်အခဲများ ဆွေးနွေး

ယင်းနောက် တက်ရောက် လာကြသည့် ပုဂ္ဂလိကရုပ်မြင်သံကြားနှင့် FM အသံလွှင့်လုပ်ငန်းများမှ တာဝန်ရှိသူများက လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများ၊ အနာဂတ်တွင် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေ၊ လက်ရှိ ထုတ်လွှင့်ပြသမှုများတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

သတင်းစဉ်