နေပြည်တော် ဖေဖော်ဝါရီ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇန်နဝါရီ ၃၁ ရက်က အလိုင်နီရေလှောင်တမံကို ကြည့်ရှုစစ်ဆေးသည်။
ဆွေးနွေးမှာကြား
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေးလုပ်ငန်းအတွက် အသက်သွေးကြောတစ်ခုဖြစ်သည့် စိုက်ပျိုးရေဖူလုံစွာ ပေးဝေနိုင်ရေးအတွက် ဆည်တာတမံများ၊ ရေသောက်စနစ်များကို နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တာဝန်ရှိသူများ အနေဖြင့်လည်း ရေပေးဝေရေး လုပ်ငန်းများအပြင်ကြောင်း၊ ရေသောက်စနစ်အတွင်း ဆည်ရေသုံးစွဲသူများအဖွဲ့ (Water User Group) အား စနစ်တကျ ဖွဲ့စည်း၍ တောင်သူများ ကိုယ်တိုင်ရေသောက်စနစ် ခွဲဝေခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများ၌ ပါဝင်စေနိုင်ရေး၊ ဆောင်းသီးနှံနှင့် နွေသီးနှံများတွင် တောင်သူ အတွက် အကျိုးအမြတ် ပိုမိုရရှိစေမည့် ရေအနည်းလို တန်ဖိုးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ရေးကိုပါ ဆောင်ရွက် ကြရန် လိုအပ်ကြောင်း တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကြံ့ခွံ့ကျေးရွာ အနီးရှိ အလိုင်နီချောင်းပေါ်တွင် အလျားပေ ၅၇၀၀၊ အမြင့် ၅၂ ပေရှိ အလိုင်နီရေလှောင်တမံ သည် မြေသားတမံအမျိုးအစားဖြစ်ပြီး ကန်ရေပြည့် ရေလှောင်ပမာဏ ဧကပေ ၃၉၀၀၀ ရှိကာ ယခုနှစ် နွေစပါး ၄၄၄၇ ဧက စိုက်ပျိုးရေပေးဝေလျက်ရှိသည်။ ထို့ပြင် အလိုင်နီရေလှောင်တမံ၏ ပိုလျှံရေများကို အလိုင်နီ-လဂွမ်းပြင် ဆက်သွယ်ပြောင်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းပြင် ရေလှောင်တမံသို့ ရေကူပို့လွှတ်ပေးလျက်ရှိသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များသည် စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (အင်းတကော်) သို့ ရောက်ရှိကြပြီး ရော်ဘာမျိုးများ သုတေသနပြု ဖော်ထုတ်နေမှုနှင့် ရော်ဘာစိုက်တောင်သူများအတွက် နည်းပညာပေး လုပ်ငန်းဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးအားပေးသည်။
ဆက်လက်၍ ဘက်စုံစိုက်ပျိုးရေးစခန်း ပဲခူး ၁၀ မိုင်ခြံတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်း (Animal Quarantine Station (AQS) ဆောင်ရွက်ရန် ရွေးချယ်လျာထားသည့် မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ မွေးမြူရေးထွက်ကုန် တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်နေသည့်ပုဂ္ဂလိကစက်ရုံ၏ ကြက်အူချောင်း ထုတ်လုပ်မှုလုပ်ငန်းများကိုကြည့်ရှုပြီး အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သောထုတ်ကုန်များဖြစ်စေရေး၊ စားသုံးသူဘေးကင်းလုံခြုံရေးနှင့် ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းရှိသော ထုတ်ကုန်များ ဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်