Skip to main content

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြို့ပြအင်ဂျင်နီယာများ လုပ်ငန်းကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၂

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြို့ပြအင်ဂျင်နီယာများ လုပ်ငန်းကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာန အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းတွင် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မည့် ဆိုးကျိုးများကို လျော့ပါးစေသော လူမှုပတ်ဝန်းကျင်နှင့် ဂေဟဗေဒစနစ်အား ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် Green or Sustainable Building တည်ဆောက်ရာ၌ ထည့်သွင်းစဉ်းစားမည့်  အချက်အလက်များကို ဆွေးနွေးပို့ချသွားမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများ၊ မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အပါအဝင် နယ်စပ်ဒေသများပါမကျန် ရေတို/ ရေရှည်  အစီအမံများချမှတ်၍ အကောင်အထည်ဖော်နိုင်ရေး အကြိုစူးစမ်းလေ့လာမှုများ ဆောင်ရွက်ရာတွင် လက်တွေ့မြေပြင် ကွင်းဆင်း တိုင်းတာဆောင်ရွက်ရန် ခက်ခဲသည့် ဒေသများအတွက် အသုံးချနိုင်မည့် ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်း နည်းပညာကို ဆွေးနွေးခြင်းအားဖြင့် ဓာတ်ပုံများမှရရှိသည့် Digital အချက် အလက်များဖြင့် မြေပုံထုတ်ခြင်း၊ မြေပြင်၌ တည်ရှိသော အရာဝတ္ထုများ၏ အနိမ့်အမြင့်နှင့် အရွယ်အစား တိုင်းတာခြင်း စသည်တို့ကို အလွယ်တကူ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနတွင် မရှိမဖြစ် အရေးပါလှသော ဓာတ်အားလိုင်းသွယ်တန်းခြင်း လုပ်ငန်းများ၌ ဓာတ်အားခွဲရုံနှင့် Transmission Line Equipment များ တပ်ဆင်စမ်းသပ်ခြင်းလုပ်ငန်း၊ ဓာတ်အားခွဲရုံ အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ဓာတ်အားခွဲရုံ မြေနေရာပြုပြင်ခြင်း လုပ်ငန်းများ၊ မြို့ပြဒီဇိုင်းပိုင်းဆိုင်ရာ တွက်ချက်ရာတွင် ထည့်သွင်းစဉ်းစား သင့်သည့်အချက်များ၊ အင်ဂျင်နီယာ ဘူမိဗေဒဆိုင်ရာ ထည့်သွင်း စဉ်းစားရမည့်အချက်များ၊ အဆောက်အအုံ တည်ဆောက်မှုပိုင်းဆိုင်ရာ လုပ်ငန်းအရည်အသွေး စစ်ဆေးခြင်း၊ လုပ်ငန်းပြီးစီးမှုစစ်ဆေးခြင်း စသည်တို့နှင့်ပတ်သက်၍ သိကောင်းစရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည့်အတွက် မြို့ပြပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် မိမိတို့ကိုယ်ကို ယုံကြည်မှုရှိရှိနှင့် အကျိုးအရှိဆုံး အနေအထားဖြင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်း နည်းပြနှင့် သင်တန်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်