Skip to main content

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် မအူပင်အကျဉ်းထောင် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်နှင့်အဖွဲ့သည် ယနေ့တွင် မအူပင် အကျဉ်းထောင်ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

မေးမြန်းမှတ်တမ်းတင်

ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိ/မရှိ၊ အကျဉ်းထောင်သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လာရောက်ပို့ဆောင်ပေးသော ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ/မရှိ၊ ရသင့် ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်းရှိ မရှိနှင့် အကျဉ်းထောင်နှင့် အချုပ်ခန်းများ အတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ / မရှိတို့ကို မေးမြန်း မှတ်တမ်းတင်ခြင်းနှင့် တစ်ဦးချင်း တွေ့ဆုံလိုသည့် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူ များနှင့်တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်သည်။
ယင်းနောက် အကျဉ်းသား/အကျဉ်းသူ၊ အချုပ် သား/ အချုပ်သူများ၏ အိပ်ဆောင်များသန့်ရှင်းမှု၊ အတွင်း/အပြင် မိလ္လာများသန့်ရှင်းမှု ရှိ / မရှိ ၊ တိုက်ခန်းများ၊ ဆေးရုံခန်း၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေ၊ သုံးရေကန်များနှင့် စာကြည့်တိုက်တို့ကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှုနှင့် Quarantine ထားရှိသည့် အဆောင်အခြေအနေတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများအတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန် စာသားများ ပါရှိသော မှတ်စုစာအုပ် ၅၀၀ ကို ကော်မရှင်က လှူဒါန်းရာ အကျဉ်းထောင် တာဝန်ခံက လက်ခံရယူသည်။ မအူပင်အကျဉ်းထောင် ခရီးစဉ် အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်