နေပြည်တော် ဖေဖေါ်ဝါရီ ၁
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်၊ MRTV News Channel နှင့် MRTV DTH စနစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များ၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများ၊ အနုပညာရှင်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ပြတိုက်ကမ္ဗည်းမော်ကွန်းအား အမွေးနံ့သာရည်ပက်ဖျန်းပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက် Mini Theatre အတွင်း၌ MRTV စိန်ရတုပြတိုက်ဆီသို့ Video Clip ကို ကြည့်ရှုကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက စိန်ရတုပြတိုက် ဖွင့်ပွဲ အထိမ်းအမှတ်တံဆိပ်ကို ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနမှ ခေတ်အဆက်အဆက် အသုံးပြုခဲ့သည့် အဆောက်အဦပုံစံငယ်များနှင့် တာဝါပုံစံငယ်များ၊ ရုပ်သံရိုက်ကူး ထုတ်လွှင့်ခြင်းဆိုင်ရာ စက်ပစ္စည်းများနှင့် မော်တော်ယာဉ်များ၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ၏ မှတ်တမ်းဓာတ်ပုံများ၊ (၇၅)နှစ် သက်တမ်းရှိ မြန်မာ့ဆိုင်းဝိုင်းကြီး၊ ခေတ်ပေါ်တီးဝိုင်းနှင့် တူရိယာပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာတူရိယာပစ္စည်းများ၊ ခေတ် အဆက်ဆက် အသုံးပြုခဲ့သည့် ဓာတ်ပြားစက်များနှင့် ဆက်စပ်ပစ္စည်းများ၊ မဟာဂီတနှင့် တေးဂီတဆိုင်ရာ စာအုပ်စာစောင်များအပါအဝင် ရုပ်မြင်သံကြား ထုတ်လွှင့်မှုနှင့် သက်ဆိုင်သည့် အခြားစက်ပစ္စည်း ကိရိယာပြခန်းများအား လှည့်လည်ကြည့်ရှုကြပြီး စိန်ရတုပြတိုက် ဧည့်သည်တော်မှတ်တမ်း တွင် လက်မှတ်ရေးထိုးသည်။
တက်ရောက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပင်မအဆောက်အဦ Auditorium ၌ကျင်းပသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV News Channel နှင့် MRTV DTH စနစ် ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းများက "MRTV နှင့်ကောင်းသောနေ့" တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်တာ ဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုကို ပြသသည်။
လွတ်လပ်ရေးနှင့်အတူ တည်ရှိလာ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာ့အသံသည် လွတ်လပ်ရေး နှင့်အတူ တည်ရှိလာသောဌာနတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးကို အသိပညာနှင့် ဗဟုသုတဖြန့်ဖြူးပေးသော ဌာနကြီးဖြစ်ကြောင်း၊ ယခုအခါ စိန်ရတုကာလကျော်လွန်လာပြီဖြစ်ကြောင်း၊ ယခင်နှစ်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိစဉ် စိန်ရတုပြတိုက်တည်ဆောက်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခု တစ်နှစ်ပြည့် မြောက်သည့်နေ့တွင် အဆောက်အဦကို ဖွင့်လှစ်နိုင်သဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဦးစွာပြောကြားပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အစိုးရတာဝန် အရပ်ရပ် ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစတင်ပြီး တာဝန်ယူ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ်သည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ်ကို ချမှတ်ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖြစ်ထွန်းစေဖို့နှင့် ရည်မှန်းချက်တာဝန်များ ပိုမိုအဆင်ပြေ ချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အိမ်စောင့်အစိုးရဖွဲ့စည်းပြီး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းလုပ်ဆောင် နေခြင်းဖြစ်ပါကြောင်း။
ဝိုင်းဝန်းထူထောင်ဆောင်ရွက်
တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကို တရားမျှတသော၊ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်တစ်ခုဖြစ်အောင် ဝိုင်းဝန်း ထူထောင်ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုကဲ့သို့အခြေအနေတွင် ပြည်ပ ပယောဂအနှောင့် အယှက်များကင်းရှင်းစေရန်နှင့် ပြည်တွင်း နိုင်ငံရေးဖြစ်စဉ်များကို တရားဥပဒေဘောင်အတွင်းက အေးချမ်းတည်ငြိမ်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် လိုအပ်သကဲ့သို့ ဆူပူအုံကြွမှုများဖန်တီးပြီး အကြမ်းဖက်လမ်းစဉ်များဖြင့် တိုင်းဖျက်ပြည်ဖျက် လုပ်ဆောင်နေမှုများကို ပြည်သူအားလုံးက အမှန်ကိုအမှန်အတိုင်း၊ အရှိကို အရှိအတိုင်း နားလည်သဘောပေါက်ကြရန်နှင့် ဝိုင်းဝန်းဆန့်ကျင် ဟန့်တားပေးကြရန် လိုအပ်မည် ဖြစ်ပါကြောင်း။
မီဒီယာကဏ္ဍအနေဖြင့် ပြည်သူများအတွက် ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိပညာ၊ အတွေးအခေါ်များရရှိစေရန်နှင့် လူငယ်လူရွယ်များ အားလုံး ပညာရေး လမ်းကြောင်းပေါ်တွင် ကောင်းမွန်စွာရပ်တည်နိုင်ရန်၊ ခေတ်ပညာတတ်လူငယ်များ ဖြစ်အောင်ပံ့ပိုးပေးမှု၊ စေ့ဆော် တိုက်တွန်းပေးမှု၊ လမ်းညွှန်ပြသမှုတို့ဖြင့် လုပ်ဆောင်ပေးကြရမည် ဖြစ်ပါကြောင်း။
ထို့ပြင် သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများ၊ ကောလာဟလများ ထုတ်လွှင့်ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်စေရန်၊ ဆူပူအုံကြွစေရန် သွေးထိုးလှုံ့ဆော် ထုတ်လွှင့်မှုများ မပြုလုပ်ကြရန် ဝိုင်းဝန်းဆန့်ကျင်တားမြစ်ပေးကြရမည်ဖြစ်ပြီး မှန်ကန်သည့် သတင်းအချက် အလက်များကို ပြည်သူလူထုထံရောက်အောင် ထုတ်လွှင့် ဖော်ပြပေးနိုင်ရန်လိုအပ်ပါကြောင်း။
နိုင်ငံပိုင်မီဒီယာဖြစ်သည့် MRTV အနေဖြင့် ကျင့်ဝတ်သိက္ခာစောင့်ထိန်းပြီး နိုင်ငံနှင့် ပြည်သူ အကျိုးအတွက် ဦးထိပ်ထားကာ စီစဉ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို မီဒီယာနည်းလမ်းများဖြင့် အောင်မြင်အောင် ဖော်ဆောင်ပေးကြရန် တိုက်တွန်း ပါကြောင်း။
စနစ်တကျ ခင်းကျင်းပြသ
MRTV အနေဖြင့် ဖြတ်သန်းခဲ့သည့် (၇၅) နှစ်တာကာလအတွင်း တိုင်းကျိုး ပြည်ပြုလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ခဲ့မှုသမိုင်းမှတ်တမ်းများ၊ ထုတ်လုပ်တင်ဆက်ခဲ့မှုများ၊ အသုံးပြုခဲ့ကြသည့် အသုံးအဆောင်နှင့် ယာဉ်၊ စက်ပစ္စည်း ကိရိယာများကို မပျောက်ပျက်အောင် ပြုပြင် ထိန်းသိမ်း ပြီး စနစ်တကျ ခင်းကျင်းပြသပေးရန် လိုအပ်သကဲ့သို့ ပစ္စည်းကိရိယာများ ရိုသေစွာကိုင်တွယ် အသုံးပြုတတ်ရန်၊ တန်ဖိုးထား စုဆောင်း ထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်ကောင်းများဖြင့် MRTV စိန်ရတုပြတိုက်ငယ်ကို ယခင်က ပင်မ အဆောက်အဦအတွင်း သီးခြားအခန်းတစ်ခုတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
မိမိတို့တာဝန်ယူပြီးစအချိန်၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကို လာရောက် ကြည့်ရှုစစ်ဆေးချိန်တွင် ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ထည်ဝါခန့်ညား သည့် ဂုဏ်ဒြပ်နှင့်အညီ MRTV စိန်ရတုပြတိုက်ကို ပင်မအဆောက်အဦရှေ့တွင် သီးခြား တည်ဆောက်နိုင်ဖို့ စီမံဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။ တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျဖြင့် ခင်းကျင်းပြသရန်အတွက်လည်း အသေးစိတ်စီစဉ်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သဖြင့် ယနေ့တွင် MRTV စိန်ရတုပြတိုက်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း။
ယခုအခါ MRTV စိန်ရတုပြတိုက်တွင် ပုံစံငယ်များ၊ ရိုက်ကူးရေး ယာဉ်များ ထိန်းသိမ်း ထားရှိမှုများ၊ စက်ပစ္စည်းနှင့် အသုံးအဆောင်များ၊ ဓာတ်ပြားနှင့် တိပ်ကြိုးခွေများ၊ တူရိယာ ပစ္စည်းတွေကို ကဏ္ဍအလိုက်လေ့လာနိုင်အောင် ခင်းကျင်းပြသထားခြင်း ဖြစ်ပါကြောင်း။
ထို့အပြင် သတင်းဖတ်ကြားထုတ်လွှင့်သည့်အခန်းများ၊ Virtual Studio အသုံးပြုရိုက်ကူးမှုများ ကို လေ့လာနိုင်မှာဖြစ်သလို MRTV မှာ ခေတ်အဆက်ဆက်က အသုံးပြုခဲ့ကြသည့် ပစ္စည်းကိရိယာများကို တစ်စုတစ်စည်းတည်း တွေ့မြင်နိုင်စေရန် ခင်းကျင်းပြသပေးထားခြင်း ဖြစ်သဖြင့် တန်ဖိုးမဖြတ်နိုင်သည့်အသိပညာ ဗဟုသုတများနှင့် အတွေးအမြင်တွေရရှိနိုင်မည် ဖြစ်ပါကြောင်း။
MRTV စိန်ရတုပြတိုက် ဖွင့်လှစ်မှုနှင့်တစ်ဆက်တည်း MRTV News Channel ကို စမ်းသပ် ထုတ်လွှင့်မှုမှ ပုံမှန်ထုတ်လွှင့်သွားရန်အတွက် MRTV DTH စနစ်ကိုလည်း လွှမ်းခြုံထုတ်လွှင့် နိုင်ရန် စတင်ဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း၊ ယနေ့စတင်ဖွင့်လှစ် မည့် MRTV News Channel သည် တချို့ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံကို အန္တရာယ်ရှိစေမယ့် သတင်းအတု၊ အယောင်၊ သတင်းမှားများ၊ ကောလာဟလများနှင့် တိုင်းပြည်တွင် မငြိမ်မသက်ဖြစ်စေရန်၊ ဆူပူအုံကြွစေရန် သွေးထိုးလှုံ့ဆော် လုပ်ကြံဖန်တီးလာမှုများအပေါ် သတင်းမှန်များ လျင်မြန်စွာထုတ်ပြန်ခြင်းဖြင့် ပြည်သူများ သတင်းမှန် သိရှိပိုင်ခွင့်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းပင် ဖြစ်ပါကြောင်း၊ MRTV News Channel သည် နိုင်ငံတကာ သတင်းများကို လျင်မြန်စွာဘာသာပြန်ဆို တင်ဆက် ပေးခြင်းဖြင့် ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပျက်နေသည့်၊ သိသင့်သိထိုက်သည့် သတင်းများကို ပြည်သူများ လျင်မြန်စွာသိရှိခွင့်ရရှိပြီး ဗဟုသုတများစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
ထို့အပြင် ယနေ့စတင်ဖွင့်လှစ်မည့် MRTV DTH စနစ်သည်လည်း မြန်မာ တစ်နိုင်ငံလုံးကို လွှမ်းခြုံထုတ်လွှင့်နိုင်မည် ဖြစ်ပါကြောင်း၊ MRTV အနေဖြင့် ၁၉၈၀ ခုနှစ်က Analogue စနစ်ဖြင့် စတင်ထုတ်လွှင့်ခဲ့ရာမှ ၂၀၁၃ ခုနှစ်မှာ Digital (DVB-T2) စနစ်ဖြင့် တိုးချဲ့ထုတ်လွှင့်နိုင်ခဲ့သလို ယခုအခါမှာ Digital (DTH) စနစ်ဖြင့် ထပ်မံ တိုးမြှင့်ထုတ်လွှင့်နိုင်ခြင်းပင်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှုများကြောင့် နိုင်ငံပိုင် ရုပ်သံ ထုတ်လွှင့်မှုသည် Digitalization ဖြစ်သည့် ဒီဂျစ်တယ်စနစ်ကို ပြောင်းလဲမှုတွင် ခေတ်နှင့်အညီ လိုက်ပါနိုင်ခြင်းဖြစ်သကဲ့သို့ နိုင်ငံအတွင်းမှာ တရားမဝင်စလောင်းများ ပပျောက်ရေးအတွက်လည်း အထောက်အကူပြုစေမည် ဖြစ်ပါ ကြောင်း။
အဓိကဒေါက်တိုင်တစ်ခုဖြစ်
ထို့ကြောင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ ပြည်သူများ၏ လူမှုအကျိုးစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏မီဒီယာကဏ္ဍတွင် အဓိကဒေါက်တိုင်ကြီး တစ်ခုဖြစ်သကဲ့သို့ အနာဂတ်နိုင်ငံတော်ကြီး အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်ကို ဦးဆောင်မည့် မျိုးဆက်သစ်လူငယ်များကို မှန်ကန်သည့် အသိအမြင်၊ အတွေးအခေါ် ရရှိစေရန်ပြုစု ပျိုးထောင်ပေးနိုင်ရေးအတွက် ပဓာနကျသည့် မီဒီယာကြီးလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူများ အကြား ခိုင်မာသည့် ပေါင်းကူးတံတားသဖွယ်ဖြစ်အောင်လည်း တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်ဖြစ်သလို နိုင်ငံတော်အစိုးရအနေဖြင့်လည်း တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းသည့်နိုင်ငံ၊ သာယာဝပြောသည့် နိုင်ငံ၊ နိုင်ငံတော်ကြီးဘက်စုံ ဖွံ့ဖြိုး တိုးတက်စေဖို့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေမည့် ကဏ္ဍအားလုံးကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေဖြင့်လည်း နိုင်ငံအကျိုး၊ နိုင်ငံသားများအကျိုးကို စိတ်ကောင်း စေတနာအပြည့်၊ ဇွဲလုံ့လအပြည့်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုဖြင့် ပိုမိုသယ်ပိုး စွမ်းဆောင် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအစီအစဉ်အဖြစ် MRTV News Channel နှင့် MRTV DTH စနစ်တို့ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က MRTV DTH Receiver နှင့် ၂ ပေစလောင်း တစ်စုံအား ဂါရဝပြုပေးအပ်ပြီး အနုပညာရှင်များနှင့် ဝန်ထမ်းများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။ အခမ်းအနား အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် တက်ရောက် လာကြသူများအား လက်ဖက်ရည် ဝိုင်းဖြင့် တည်ခင်းဧည်ခံခဲ့ကြပြီး အတူတကွ သုံးဆောင်ခဲ့ကြသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်ကို နေပြည်တော် (တပ်ကုန်း) ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ပင်မအဆောက်အဦအတွင်း သီးခြားအခန်း တစ်ခုအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစိန်ရတုပြတိုက်ကို ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ဂုဏ်ဒြပ်နှင့်အညီ ထည်ဝါခန့်ညားစွာ ခင်းကျင်း ပြသနိုင်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ပင်မ အဆောက်အဦ၏ရှေ့ လက်ရှိနေရာတွင် နှစ်ထပ်အဆောက်အဦ ကိုဆောက်လုပ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ်အဆက်ဆက် အသုံးပြု ခဲ့သည့် အဆောက်အဦများ၊ ရုပ်သံထုတ်လွှင့်မှုစက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များနှင့် အခြား အသုံးအဆောင် ပစ္စည်းများပြခန်း စုစုပေါင်း ၄၀ အားခင်းကျင်းပြသထားကြောင်း သိရသည်။
သတင်းစဉ်