Skip to main content

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြို့ပြအင်ဂျင်နီယာများ လုပ်ငန်းကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြို့ပြအင်ဂျင်နီယာများ လုပ်ငန်းကျွမ်းကျင်မှု မွမ်းမံ သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ နေပြည်တော်၊ ဗဟိုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီး အကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းတွင် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မည့် ဆိုးကျိုးများကို လျော့ပါး စေသော လူမှုပတ်ဝန်းကျင်နှင့်ဂေဟဗေဒစနစ်အား ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် Green or Sustainable Building တည်ဆောက်ရာ၌ ထည့်သွင်းစဉ်းစားမည့် အချက်အလက်များကို ဆွေးနွေးပို့ချသွား မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ် အားပေးစက်ရုံ စီမံကိန်းများ၊ မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အပါအဝင် နယ်စပ်ဒေသများပါမကျန် ရေတို/ ရေရှည် အစီအမံများချမှတ်၍  အကောင်အထည်ဖော်နိုင်ရေး အကြိုစူးစမ်းလေ့လာမှုများ ဆောင်ရွက် ရာတွင် လက်တွေ့မြေပြင် ကွင်းဆင်းတိုင်းတာဆောင်ရွက်ရန် ခက်ခဲသည့်ဒေသများအတွက် အသုံးချနိုင်မည့် ကောင်းကင် ဓာတ်ပုံရိုက်ကူးခြင်းနည်းပညာကို ဆွေးနွေးခြင်းအားဖြင့် ဓာတ်ပုံများမှရရှိသည့် Digital အချက် အလက်များဖြင့် မြေပုံထုတ်ခြင်း၊ မြေပြင်၌တည်ရှိသော အရာဝတ္ထုများ၏ အနိမ့်/ အမြင့်နှင့် အရွယ်အစား တိုင်းတာခြင်းစသည်တို့ကို အလွယ်တကူဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနတွင် မရှိမဖြစ် အရေးပါလှသော ဓာတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်း များ၌ ဓာတ်အားခွဲရုံနှင့် Transmission Line Equipment များ တပ်ဆင်စမ်းသပ်ခြင်းလုပ်ငန်း၊ ဓာတ်အားခွဲရုံ အဆောက်အဉီတည်ဆောက်ခြင်းလုပ်ငန်း၊ ဓာတ်အားခွဲရုံ မြေနေရာ ပြုပြင်ခြင်း လုပ်ငန်းများ၊ မြို့ပြဒီဇိုင်းပိုင်း ဆိုင်ရာတွက်ချက်ရာတွင် ထည့်သွင်းစဉ်းစားသင့်သသည့်အချက်များ၊ အင်ဂျင်နီယာ ဘူမိဗေဒဆိုင်ရာ ထည့်သွင်းစဉ်းစားရမည့် အချက်များ၊ အဆောက်အဦ တည်ဆောက် မှုပိုင်းဆိုင်ရာ လုပ်ငန်းအရည် အသွေး စစ်ဆေးခြင်း၊ လုပ်ငန်းပြီးစီးမှုစစ်ဆေးခြင်း စသည်တို့နှင့် ပတ်သက်၍ သိကောင်းစရာများ တို့ကို ဆွေးနွေး ပို့ချသွားမည် ဖြစ်သည့်အတွက်  မြို့ပြပိုင်းဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် မိမိတို့ကိုယ်ကို ယုံကြည်မှုရှိရှိနှင့် အကျိုးအရှိဆုံး အနေ အထားဖြင့် ဆောင်ရွက်သွားနိုင်မှာဖြစ်ပါကြောင်း ပြောကြားပြီး သင်တန်းနည်းပြနှင့် သင်တန်းသားများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်