Skip to main content

PDF အမည်ခံ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံး ခဲ့သည့် ပုလဲမြို့နယ် အင်မထီးကျေးရွာမှ ရွာသူ/ရွာသားများအား သွားရောက်တွေ့ဆုံအားပေး၊ လိုအပ်သည်များ ထောက်ပံ့ပေးအပ်

နေပြည်တော် ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ စခန်းနှင့် ကျေးရွာအနီးတစ်ဝိုက်သို့ ဇန်နဝါရီလ ၃၀ ရက် ညနေပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက ရွာ၏တောင်ဘက်နှင့် အရှေ့တောင်ဘက်တို့မှ အင်အား အလုံးအရင်း ဖြင့် ချဉ်းကပ်လာရာမှ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများက ကျေးရွာနေအိမ် များအား မီးရှို့ဖျက်ဆီးကာ ထွက်ပြေးသွား ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏အကြမ်းဖက် လုပ်ရပ်များတွင် ပူးပေါင်းပါဝင်ရန် စည်းရုံးခဲ့သော်လည်း အင်မထီးကျေးရွာရှိ ပြည်သူ့စစ် (ဌာနေ) အဖွဲ့များက ပူးပေါင်းပါဝင်ခြင်းမရှိသဖြင့် ဇန်နဝါရီလ ၃၀ ရက် ညနေ ၅ နာရီခန့်တွင် အလစ်အငိုက် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်လာခဲ့ရာ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်သဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ထိုသို့ဖြစ်ပွားနေစဉ် ကျေးရွာအနီး လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် သွားရောက်ပူးပေါင်း၍ အကြမ်းဖက်သမားများအား ချေမှုန်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ အထိနာခဲ့ပြီး ကျေးရွာအား မီးရှို့ထွက်ပြေး သွားခဲ့သဖြင့် ကျေးရွာရှိ နေအိမ် ၂၀၀ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင်လည်း ပုလဲမြို့နယ်နှင့် ပတ်ဝန်းကျင် နယ်မြေများအတွင်း အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများနှင့် ဆေးရုံ/ဆေးခန်းများအား မီးရှို့ဖျက်ဆီးခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေ သည့် ပကဖအမည်ခံ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် လှဆွေ(ဘ) ဦးဖိုးကျော်အား အဆိုပါ အင်မထီးကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာရှိ ဦးနှောက်ကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ မီးရှို့ခဲ့သည့် အင်မထီး ကျေးရွာသို့ ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် အဖွဲ့ဝင်များက သွားရောက်၍ ကျေးရွာသူ/ကျေးရွာသားများအား ကျေးရွာစာ သင်ကျောင်း၌ တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ထောက်ပံ့ငွေ များနှင့် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကျေးရွာသူ၊ ကျေးရွာသားများအား နေအိမ်များတွင် အေးချမ်းစွာပြန်လည်နေထိုင်နိုင်ရန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ နေရာဒေသအချို့၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လုပ်ကိုင်လျက်ရှိသည့်အပြင် ၎င်းတို့နှင့် ပူးပေါင်းပါဝင်ခြင်း မရှိသည့် ကျေးရွာများနှင့် အဆိုပါကျေးရွာများမှ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကိုလည်း အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ အကြမ်းဖက် လုပ်ရပ်များကို မကြာခဏ ကျူးလွန်လုပ်ဆောင်၍ လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် နိုင်ငံအတွင်းတည်ငြိမ် အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့်ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတွင်းတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးတို့အတွက် နယ်မြေခံ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။    

သတင်းစဉ်