Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၁/၂၀၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
ကြေညာချက်အမှတ် ၁/၂၀၂၂
၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်
(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)

၁။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၀၉၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေးတို့ကို အလေးထားဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဖြစ်ပေါ်နေသည့် အခြေအနေ များကို ခြုံငုံသုံးသပ်မှုများအရ ပြည်တွင်းပြည်ပ အဖျက်သမားများနှင့် ၎င်းတို့ကို အားပေးနေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ လိုလားချက်သည် ဒီမိုကရေစီထက် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေသည့် အခြေအနေများနှင့် လက်ရှိအခြေအနေ တွင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အချို့တို့၌ အကြမ်းဖက် တိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများရှိနေသကဲ့သို့ နိုင်ငံအတွင်း မြို့နယ်အချို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူးများ ခန့်ထားရန် ကျန်ရှိနေသေးသည့် အခြေအနေများကြောင့် စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရေးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၉ အရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရေးတို့အတွက် ဆက်လက် ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား သက်တမ်းတိုးမြှင့်ပေးပါရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၅ အရ တင်ပြခဲ့သည်။

၂။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ တင်ပြချက်များအပေါ် ထောက်ခံ ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ယာယီသမ္မတ အပါအဝင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များ အားလုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလအား ခြောက်လသက်တမ်း တိုးမြှင့်ကြောင်းကို တစ်ညီတစ်ညွတ် တည်း ဆုံးဖြတ်ခဲ့ကြသည်။

၃။ အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တက်ရောက်ကြ ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ပုံ
မြင့်ဆွေ
ယာယီသမ္မတ