Skip to main content

SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

(၃၁-၁-၂၀၂၂) ရက်နေ့

၁။      ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။ 

၂။       ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စစ်ဆေးခြင်းကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် (၃၁-၁-၂၀၂၂) ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၂၇) ခုတွင် တွေ့ရှိရပါသည်။

၃။      အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား (၂၃) ဦးနှင့် နိုင်ငံခြားသား (၄) ဦးမှာ Relief Flight များဖြင့် ဝင်ရောက်လာ သူများဖြစ်ပြီး စင်ကာပူနိုင်ငံမှ (၁၄) ဦး၊ မလေးရှား နိုင်ငံမှ (၅) ဦး၊ ထိုင်းနိုင်ငံမှ (၄) ဦး၊ ကိုရီးယားနိုင်ငံမှ (၃) ဦးနှင့် အိန္ဒိယနိုင်ငံမှ (၁) ဦး တို့ဖြစ်ကြပါသည်။

၄။      အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင် ရွက်လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်းခရီးစဉ် တွင် အတူလိုက်ပါလာသည့် ခရီးသည်များအားလည်း  အသွားအလာကန့်သတ်ခြင်း (Strict Quarantine) နှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု များအား အထူးအားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။

၅။      ယနေ့အထိ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိသူဦးရေ စုစုပေါင်း (၃၁၀) ဦး ရှိပြီဖြစ်ပါသည်။

၆။      သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါ ပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါ သည်။

ကျန်းမာရေးဝန်ကြီးဌာန