Skip to main content

သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်စာရင်းများ သတ်မှတ်ထုတ်ပြန်

နေပြည်တော် ဇန်နဝါရီ ၃၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု နောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်းကို ပြန်လည်ကုစားနိုင်ရန်၊ နိုင်ငံ၏ ပို့ကုန်တင်ပို့မှု၊ သွင်းကုန်တင်သွင်းမှုများ စနစ်တကျရှိစေရန်နှင့် ပြည်ပမှကုန်စည်များတင်သွင်းမှု အတွက် နိုင်ငံခြားငွေကြေးအသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်ပမှတင်သွင်းမှုများသည့် ကုန်စည်များကို သွင်းကုန် လိုင်စင်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့လိုင်စင်စနစ်ဖြင့် ဆောင်ရွက်ရာတွင် သွင်းကုန်လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းလိုအပ်ချက်၊ ပြည်တွင်းထုတ်လုပ်နိုင်မှု၊ ကုန်ကြမ်းလိုအပ် ချက်များကိုအခြေခံ၍ သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုအပ်သော ကုန်စည်စာရင်းများကို အဆင့် ၃ ဆင့် သတ်မှတ်ထုတ်ပြန်ရန် လျာထားကြောင်းသိရသည်။

ပထမအဆင့်အနေဖြင့် အီလက်ထရောနစ်ပစ္စည်းများ၊ စားသောက်ကုန်အချို့၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ စက္ကူပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့်သက်ဆိုင်သည့် 2017 Customs Tariff of Myanmar အရ HS. Code 10 digit ဖြင့် ကုန်စည် လိုင်း (၃၀၇၀) ကို သွင်းကုန် လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများအဖြစ် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် မှ စတင်၍ သတ်မှတ်ကြောင်း ပို့ကုန် သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၈/၂၀၂၁) ဖြင့် ထုတ်ပြန်ခဲ့သည်။

ဒုတိယအဆင့်အနေဖြင့် ဂျုံစေ့၊ စားသောက်ကုန်အချို့၊ ပလတ်စတစ်ပစ္စည်းအချို့၊ ပျော့ ဖတ်၊ ပိုးချည်၊ ဝါချည်၊ ကော်ဇောကဲ့သို့သော ကြမ်းခင်းများ၊ ချည်ထည်ပစ္စည်းများ၊ ဖန်ဖြင့်ပြုလုပ် သော လူသုံး၊ အိမ်သုံးပစ္စည်းများ၊ စက်ဘီးနှင့် မော်တော်ယာဉ်အပိုပစ္စည်းများပါဝင်သည့် 2017 Customs Tariff of Myanmar အရ HS. Code 10 digit ဖြင့် ကုန်စည် (၈၂၆)လိုင်းကို သွင်းကုန် လိုင်စင် လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများအဖြစ် မတ် ၁ ရက်မှ စတင်၍ သတ်မှတ်ကြောင်းကို ဇန်နဝါရီ ၂၅ ရက်တွင် ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁/၂၀၂၂) ဖြင့် ထုတ်ပြန်ခဲ့သည်။

ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် သတ်မှတ်ရက်မတိုင်မီ သွင်းကုန်လိုင်စင်များကို ကြိုတင်လျှောက်ထားလိုပါက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ သွင်းကုန်လိုင်စင် လျှောက်ထားခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကုန်စည်လိုင်းများအလိုက် ထုတ်ပြန်ချက်များကို ဝန်ကြီးဌာန၏ ဝဘ်ဆိုဒ်များဖြစ်သော commerce.gov.mm myanmartradeportal.gov.mm နှင့် commercejournal.com.mm တို့တွင် လွှင့်တင်ထားပြီးဖြစ်သဖြင့် အသေးစိတ်ကြည့်ရှုလေ့လာ နိုင်ကြောင်းနှင့် အဆိုပါ ထုတ်ပြန်ချက်များအပေါ် မရှင်းလင်းသည်များကို မေးမြန်းလိုပါက နေပြည်တော်ရှိ ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) တွင်လည်းကောင်း၊ ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့ကြီးများရှိ ပို့ကုန်သွင်းကုန်ရုံးခွဲများတွင်လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ၊ ကုန်သွယ်ရေး ဇုန်များသို့လည်းကောင်း ချိတ်ဆက်၍ မေးမြန်းနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)