နေပြည်တော် ဇန်နဝါရီ ၃၀
စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် လူငယ်နှင့်စာပေပွဲတော် ဒုတိယနေ့အဖြစ် ယနေ့နံနက် ၉ နာရီခွဲမှစ၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ဆက်လက် ကျင်းပလျက်ရှိရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသားကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာ ကြည့်ရှုကြသည်။
ယနေ့တွင် သိပ္ပံနှင့်နည်းပညာ ပြခန်း၊ လေကြောင်းပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်း၊ ရေကြောင်း ပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်းတို့တွင် နည်းပညာရပ်ဆိုင်ရာများ လေ့လာနိုင်မည့်အပြင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ ကိုယ်တိုင် အဆင့်မြင့်တိုက် လေယာဉ်၊ ရဟတ်ယာဉ်များ၊ သင်္ဘောများကို စမ်းသပ်မောင်းနှင်နိုင်မည့် simulator များ ထားရှိပေးထားသည့်အတွက် ယင်းပြခန်းများ၌ အထူးစည်ကားလျက်ရှိသည်။
ထို့ပြင် “မူးယစ်ဆေးဝါး ကင်းစင်ဖို့ အသိပညာဖြန့်ဝေစို့” ဆောင်ပုဒ်ဖြင့် နေပြည်တော် ရဲတပ်ဖွဲ့မှ မှုခင်းပညာပေးပြခန်း ယာဉ်ကို အသိပညာပေးပြသပေးထားပြီး ပြခန်းယာဉ်အတွင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုမှတ်တမ်းများ၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုမှတ်တမ်းများ၊ နေပြည်တော် ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုမှတ်တမ်းများနှင့် ယာဉ်အန္တရာယ်ကင်းရှင်းဖို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာကြပါစို့ ခေါင်းစဉ်ဖြင့် အသိပညာပေး မှတ်တမ်းများကို ပြသထားရာ ကျောင်းသားကျောင်းသူများနှင့် လူငယ်များ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြသည်။
လေကြောင်း ပညာရပ်ကို စိတ်ဝင်စားသည့် ကျောင်းသားကျောင်းသူများ၊ လူငယ်များအတွက် လေယာဉ်ငယ်ပျံသန်းခြင်း သရုပ်ပြကွင်းကို ထားရှိပေးထားပြီး တာဝန်ရှိသူများက လေယာဉ်ငယ်များ ပျံသန်းပုံ အဆင့်ဆင့်ကို သရုပ်ပြ ပျံသန်းပြကြရာ အလေးထား လာရောက် လေ့လာ ကြည့်ရှုကြသည်ကို တွေ့မြင်ရသည်။
မြန်မာနိုင်ငံ လေကြောင်း ဝါသနာရှင်များအသင်းမှ တာဝန်ရှိသူ ဦးအောင်ကျော်ငြိမ်းက “ ပွဲတော်မှာ လေကြောင်းပညာရပ်နဲ့ ပတ်သက်ပြီး ပြသရတဲ့ ရည်ရွယ်ချက်က လေကြောင်းပညာဟာ ကမ္ဘာအနှံ့ လူငယ်တွေလည်း တော်တော်စိတ်ဝင်စားကြပါတယ်။ မြန်မာနိုင်ငံမှာလည်း လူငယ်တွေကို လေကြောင်းပညာ စိတ်ဝင်စားလာစေဖို့နဲ့ ခေတ်ပေါ် နည်းပညာတွေ လေ့လာလိုက်စားပြီး အနာဂတ် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေပေါ် ထွန်းလာစေဖို့အတွက် ဖြစ်ပါ တယ်။ နောက်ထပ်စိတ်ဝင်စားဖို့ ကောင်းတာက လက်တွေ့ကဏ္ဍ ဖြစ်ပါတယ်။ ကိုယ်တိုင်ပျံသန်း မောင်းကာစမ်း ဆိုပြီး ပြကွက် အနေနဲ့ ပြသထားပါတယ်။ ကျောင်းသား ကျောင်းသူ၊ လူငယ်တွေ လေယာဉ်အတုအနေနဲ့ စမ်းသပ်မောင်းနှင်နိုင်ပါတယ်။ လေယာဉ်တုကို မောင်းနှင်ခြင်းဖြင့် လေကြောင်းနဲ့ ပတ်သက်ပြီး ဗဟုသုတတွေရမယ့်အပြင် ကျွမ်းကျင်မှုအတွက် အထောက်အကူ အများကြီး ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ လေကြောင်းပညာ ရပ်နဲ့ ပတ်သက်ပြီး တဖြည်းဖြည်း လူသိများလာပြီး ခေတ်စားလာတယ်။ ဒါကြောင့် ဒီပြခန်းလေးမှာ လာပြီး လေ့လာကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ပြောသည်။
ထို့ပြင် အသိပညာဗဟုသုတနှင့် အားကစားဆိုင်ရာ ပြခန်းများ ဖြစ်သော စာအုပ်စာစောင်များနှင့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိပြခန်း၊ သမိုင်းဝင် စာချုပ်၊ စာတမ်းများနှင့် မှတ်တမ်း မှတ်ရာများ ပြခန်း၊ ပန်းချီ၊ အနုပညာပြခန်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အသိပညာပေး ပြခန်းနှင့် အားကစားလှုပ်ရှား ဆောင်ရွက်မှုပြခန်းတို့တွင်လည်း ကျောင်းသား ကျောင်းသူများ၊ လူငယ်များဖြင့် စည်ကားလျက်ရှိသည်။
မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ရုံ၌ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစား သမားများ၏ သရုပ်ပြ လေ့ကျင့်ပြသမှုကို ထည့်သွင်းပြသခဲ့ရာ ကျောင်းသား ကျောင်းသူများ စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုခဲ့ကြသည်။
ပွဲတော်အတွင်း ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိမ်ဆောက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲများကိုလည်း စီစဉ်ပေးထားရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များအပြင် ဆရာ ဆရာမများ၊ စိတ်ပါဝင်စားသည့် ပြည်သူများလည်း တစ်ခါနက် ပါဝင်ဆင်နွှဲနေကြသည်ကို ပျော်ရွှင်ဖွယ်ရာ တွေ့မြင်ရသည့်အပြင် ဖျော်ဖြေရေး အစီအစဉ်များအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားနှင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေမှုများ ကြောင့်လည်း ပွဲတော်ကြီးကိုပို၍ အသက်ဝင်စေခဲ့သည်။
ယခုအချိန်အခါသည် ကိုဗစ်၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်ခြင်းကြောင့် ပွဲတော်သို့ လာရောက်ကြသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စစ်ဆေးဆောင်ရွက် ပေးပြီးမှသာ ပွဲတော်အတွင်းသို့ ဝင်ရောက်ခွင့်ပြုသည့်အပြင် တစ်စုံတစ်ရာ ကျန်းမာရေး ချို့ယွင်းမှု ဖြစ်ပေါ်ပါကလည်း အရေးပေါ် ကျန်းမာရေးစောင့် ရှောက်မှု အစီအစဉ်များကို ထည့်သွင်းထားကာ ပွဲတော် ဧရိယာအတွင်း၌ ကိုဗစ် - ၁၉ ကပ်ရောဂါ အသိပညာပေး ဆိုင်းဘုတ်များ၊ ဗီနိုင်းများကိုလည်း နေရာအနှံ့ ချိတ်ဆွဲဖော်ပြ ပေးထားသည်။ ထို့ကြောင့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေး အခေါ်အယူအဆများ ထက်မြက်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်း အလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့ အထကောင်းများ ရရှိလာစေရန်၊ လူငယ်များ၏ တီထွင်ဖန်တီးလို စိတ်ရင့်သန်လာစေရန်နှင့် စာပေ ဖတ်ရှုလေ့လာလိုစိတ် မြင့်မား လာစေရန်၊ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန် မြှင့်တင်ပေးနိုင်ရန်နှင့် အနာဂတ် လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်ကောင်း များဖြင့် ကျင်းပပေးနေသည့် လူငယ်နှင့် စာပေပွဲတော်ကြီးကို နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိ ကျင်းပပေးလျက်ရှိရာ အားလုံးပါဝင်ဆင်နွှဲနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။
သတင်း- မျိုးဆက်သစ်
ဓာတ်ပုံ- ကိုကိုအေး