ပြည် ဇန်နဝါရီ ၃ဝ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းက ပြည်ခရိုင် ရွှေတောင်မြို့နယ်ရှိ အမှတ်(၃) အကြီးစားစက်မှုဝန်ကြီးဌာန အမှတ်(၁) အထည်စက်ရုံ(ရွှေတောင်) ရှင်းလင်းဆောင်သို့ရောက်ရှိရာ စက်ရုံမှူးက စက်ရုံအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်တွင်းထွက် ကုန်ကြမ်းပစ္စည်း လွယ်ကူလျင်မြန်စွာ ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး စက်ရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စက်ရုံလုပ်ငန်းလည်ပတ်ဆောင်ရွက်မှု အဆင့်ဆင့်မှထွက်ရှိလာသည့် ထုတ်ကုန်များကို ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်ဝင်တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်ရေးမှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (Mini Bud get) တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရွှေတောင်မြို့ မီးသတ်ရေကန် မြေထိန်းနံရံပြိုကျမှုကာကွယ်ရန် Bored Pile ရိုက်ခြင်းနှင့် SelectedSoil ဖြင့် အစားထိုးလဲလှယ်ပြုပြင်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေတောင်မြို့ ရှေးဟောင်းသမိုင်းဝင် ရွှေမျက်မှန်ဘုရားသို့ ဖူးမြော်ကန်တော့ပြီး ဘက်စုံပြုပြင် မွမ်းမံနိုင်ရေး အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်