Skip to main content

အိုမီခရွန် ပြည်တွင်းကူးစက်မှု တစ်ဦးချင်း ဂရုပြုတားဆီးကာကွယ်

ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၈ ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ဓာတ်ခွဲစစ် ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ ၈၆ ခုအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကို ဓာတ်ခွဲနမူနာ ၇၂ ခု၌ တွေ့ရှိခဲ့ရသည်ဟု သိရသည်။ အိုမီခရွန် ရောဂါပိုး တွေ့ရှိခဲ့သူ ၇၂ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ ကလေးမြို့တို့မှလူများ၊ တစ်ဆင့်ထပ်မံ ကူးစက်ခံရသူများနှင့် သံသယလူနာများအနက်မှ အတည်ပြုနိုင် သူတို့ဖြစ်သည်။ ယင်းမှာ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်သည် ပြည်တွင်း၌ ကူးစက်နေပြီဖြစ်ပြီး ပြည်သူများ အထူးဂရုပြု တားဆီးကာကွယ်နိုင်ရန်လိုအပ်ကြောင်း အချက်ပြတပ်လှန့်လိုက်ခြင်းဟုဆိုနိုင်သည်။

အိုမီခရွန်သည် ရောဂါလက္ခဏာအားဖြင့် ဒယ်လ်တာမျိုးကွဲနှင့် ဆင်ပြီး အနံ့၊ အရသာပျောက်ဆုံး မှုနည်းပါးကြောင်း၊ ကိုယ်လက်ခေါင်းတို့ ကိုက်ခဲ၊ ချောင်းဆိုးပြီး အဖျားတက်၍ ပြင်းထန် တုပ်ကွေးလက္ခဏာများနှင့်ဆင်တူကြောင်း သိရသည်။ ရောဂါ ပြင်းထန်မှုတွင် ဒယ်လ်တာမျိုးကွဲ လောက် မပြင်းထန်သော်လည်း ရောဂါကူးစက်ပျံ့နှံ့မှုကမူ ဒယ်လ်တာမျိုးကွဲထက် သုံးဆမြန် ဆန်သည်ဟုဆိုရာ ကူးစက်မှုနှုန်းမြင့်တက် လာပါက ရောဂါပြင်းထန်သူများ ပိုမိုများပြားလာပြီး ဆေးရုံတက်ရသည့်နှုန်း ပြန်လည်မြင့်မားလာနိုင်သည်ဟု သုတေသီများက ဆိုသည်။ အိုမီခရွန် သည်ရောဂါမပြင်းထန်ဟုဆိုသော်လည်း ၎င်းကြောင့် သေဆုံးသူများရှိနေသည့်အတွက် မပေါ့မလျော့ စောင့်ကြည့်ကာကွယ်တားဆီး ကြရမှာဖြစ်သည်။ ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်း များကို စနစ်တကျလိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းကို အထူးဂရုပြုပူးပေါင်းဆောင်ရွက် ကြရန်ကျန်းမာရေးဝန်ကြီးဌာနက  နှိုးဆော်ထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ နေ့စဉ်တွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ရာခိုင်နှုန်းနှင့် ၂ ရာခိုင်နှုန်းကြားတွင်သာ ရှိနေပြီး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးမှုမရှိသည်မှာလည်း ရက်သတ္တတစ်ပတ်ရှိပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံနိုင်မှုတွင် မြန်မာနိုင်ငံ သည်အာဆီယံ၁၀ နိုင်ငံအနက် ရာခိုင်နှုန်းအားဖြင့် အနိမ့်ဆုံးတွင် ရှိနေသည်ဟု ဆိုသော်လည်း ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုတွင် အာဆီယံ၌ အဆင့် (၆) ဖြစ်ရာ အသိပညာပေးမှုနှင့် တစ်ဦးချင်း ကြိုတင်ကာကွယ်မှုတို့ ကောင်းသည်ဟု ဆိုနိုင်သည်။ ကာကွယ်ဆေးထိုးနှံမှုကို တစ်ဦးတစ်ယောက်မျှ မကျန်စေရဟူသောမူဖြင့် အုပ်စုအလိုက် စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိပြီး အပိုဆောင်းထပ်မံ ထိုးနှံမှုများလည်း စတင်လျက်ရှိပြီဖြစ်ရာ ကာကွယ်ဆေး လွှမ်းခြုံမှုအားကောင်းလာသလို ပြည်သူတစ်ဦးချင်းစီက ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ နေထိုင်သွားကြခြင်းဖြင့် လုံလောက်သည့် ခုခံနိုင်စွမ်းအား ရောက်လာသည့်အခြေအနေ၊ အချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါသည် မြန်မာ့မြေပေါ်မှ ဆုတ်ခွာသွားလိမ့်မည်ဖြစ်သည်။

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ကို လူစုလူဝေးရှောင်ခြင်း၊ Mask တပ်ခြင်း၊ လက်ခဏ ခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာ၍နေခြင်း နည်းလမ်းများဖြင့်ပင် ဆက်လက်၍ ရှောင်ရှားသွားကြရမှာဖြစ်သည်။ အိုမီခရွန် ပြည်တွင်းကူးစက်မှုရှိနေပြီကို သတိထားကြရမည်ဖြစ်ရာ ရောဂါပိုးသယ်ဆောင်ထားသူသည် မည်သည့်လက္ခဏာမျှမပြဘဲ ၎င်းကိုယ်တိုင်ပင် မသိရှိနိုင်ကြောင်းကို ဂရုပြုကြရမည်ဖြစ်သည်။ ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာခြင်း၊ ယင်းသို့ ပြန်လာသူနှင့် ထိတွေ့ခြင်းတို့ရှိခဲ့ပါက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ကူးစက်မှုလမ်းကြောင်းကို ဖြတ်တောက်ကြရန် အကျိုးမျှော်ကာ နှိုးဆော် တိုက်တွန်းလိုက်ရပါကြောင်း။ ။

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်