Skip to main content

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၇,၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်   ဇန်နဝါရီ    ၃၀

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၇,၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ နယ်၊ ဝှေလေလန် - ပါခုတ်သွားကားလမ်း၊ ပါခုတ်ကျေးရွာအနီးတွင် စိုင်းအွန်(ခ) အိုက်အွန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်း၊ ကတ်တမင်း ၁၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ မွန်းလွဲ ၂ နာရီခန့်တွင် တာချီလိတ်မြို့နယ်၊ နမ့်လွတ်(ရှမ်း)ကျေးရွာရှိ ယိန်းနှင့် မနန်းအင်တို့၏ နေအိမ်အိပ်ခန်း အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်း ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၇ နာရီတွင် တာချီလိတ်မြို့နယ်၊ ပါခုတ်ကျေးရွာရှိ နေအိမ်တွင် အိုက်ဆီယွန်း (ခ)အိုက်ကျိုင်းကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၇,၆၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇ သိန်း၊ ကတ်တမင်း ၁၀ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၄ ဦးကို ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

(သတင်းစဉ်)