Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

နေပြည်တော်    ဇန်နဝါရီ   ၃၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဇန်နဝါရီ (၂၉) ရက် မွန်းလွဲပိုင်းတွင် ပြည်မြို့ Mingalar Garden Hotel ခန်းမ၌ ပြည်ခရိုင် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည် လူအများကူးသန်းသွားလာမှုနှင့် ရင်းနှီးဆက်ဆံမှုများ အပေါ်အခြေခံ၍ ဝန်ဆောင်မှုပေးအပ်သည့် လုပ်ငန်းတစ်ခုဖြစ်ရာ ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားနေသည့်အချိန် ဝန်ဆောင်မှုပေး‌ရာ၌ Enchanting Myanmar Health & Safety Protocol (HSP) သည် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် လုံးဝပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ဆက်လက်တည်ရှိနေမည် ဖြစ်သည့်အတွက် ၎င်းနှင့်အတူယှဉ်တွဲပြီး လုပ်ငန်းများ လုပ်ဆောင်တတ်ရန် ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်ရှိ ပုဂ္ဂိုလ်များအားလုံး ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးစီးရန်နှင့် စည်းကမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ပွင့်လင်းရာသီကာလမှစ၍ ပြည်တွင်းခရီးသွားလုပ်ငန်းမှာ သိသာစွာ ပြန်လည်ဖွံ့ဖြိုးတိုးတက် လျက်ရှိပါကြောင်း၊ ယခုကျင်းပမည့် သရေခေတ္တရာပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပွဲတော်သည် ရာသီချိန်တွင် မြှင့်တင်ကြော်ငြာသည့် လှုပ်ရှားမှုအစီအစဉ်တစ်ခု ဖြစ်ရာ ယင်းကိုအခြေခံ၍ ခရီးသွားဧည့်သည်များ စိတ်ဝင်စားပြီး လာရောက်လည်ပတ်ခြင်းဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများနှင့် ‌ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပြည်မြို့ရှိ ဟိုတယ်များအနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ပြီး ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့်ဒေသခံပြည်သူများ အတူတကွ ညီညီ ညွတ်ညွတ်ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေး၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်သည့် ဟိုတယ်များကို Enchanting Myanmar Health & Safety Protocol အစီအစဉ်အရ ဒေသအဆင့် အသိအမှတ်ပြု လက်မှတ်များပေးအပ်ရာ ဟိုတယ်များမှ တာဝန်ရှိသူများက လက်ခံရယူသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အားကစားဖြင့်ခရီးသွား လုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှု သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပွဲတော်အခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ်မှ အပျော်တမ်းစက်ဘီးစီး အားကစားသမားများကို ခရာမှုတ်၍ တာလွှတ်ပေးသည်။ စက်ဘီးစီး ခရီးစဉ်လမ်းကြောင်းအနေဖြင့် ပန်းတောင်းမြို့၊ ရွှေဘုံသာမုနိဘုရားဈေးတန်း အရှေ့မှ နဝဒေးတံတား၊ ဘုရင့်နောင်လမ်းဆုံ၊ မြို့သစ်လမ်း၊ ပြည်- အောင်လံ- ပေါက်ခေါင်းလမ်းဆုံ၊ ကမ္ဘာ့အမွေအနှစ်တံဆိပ် သင်္ကေတ နေရာမှတဆင့် ဘောဘောကြီးစေတီအထိ စုစုပေါင်း (၁၀) မိုင်ခန့် ရှည်လျားပြီး အပျော်တမ်း စက်ဘီးစီးပွဲတော်အတွင်း စက်ဘီးစီး အားကစားသမား စုစုပေါင်း (၃၂၀) ခန့် ပါဝင်ဆင်နွှဲ ကြသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများက စက်ဘီးစီး ခရီးစဉ်တစ်ထောက်နားရပ် နေရာဖြစ် သည့်နဝဒေးတံတား(ပြည်ဖက်ကမ်း) နှင့် ကမ္ဘာ့အမွေ အနှစ်သင်္ကေတတံဆိပ် တည်ရှိရာနေရာသို့ သွားရောက်ကာ အပျော်တမ်း စက်ဘီးစီးပွဲတော်တွင် ပါဝင်သည့် စက်ဘီးစီးအားကစားသမားများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။

ယင်းနောက် စက်ဘီးစီး အားကစားသမားများ ပန်းဝင်နေရာဖြစ်သော ဘောဘောကြီးစေတီရှေ့ ဆုချီးမြှင့်မဏ္ဍပ်တွင် ပြည်ထောင်စု ဝန်ကြီး၊ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက အပျော်တမ်းစက်ဘီးစီးပွဲတော်တွင် ပန်းဝင်သည့် စက်ဘီးစီး အားကစားသမား တစ်ဦးချင်းကို အထိန်းအမှတ်တံဆိပ်များပေးအပ်ခြင်း၊ စက်ဘီး အစီး (၂၀)  ကံစမ်းမဲ ဖောက်ပေးအပ်ခြင်းနှင့် အသက် (၁၂) နှစ်အောက် စက်ဘီးစီးကစားသမားများကို အထူးဆုများ ပေးအပ်ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ကြသည်။

ထို့နောက် အပျော်တမ်းစက်ဘီးစီးပွဲတော် အထိမ်းအမှတ် ဂုဏ်ပြုနေ့လယ်စာစားပွဲ အခမ်းအနား ကျင်းပသည့် Mingalar Garden Hotel ၌ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကျေးဇူးတင်စကားပြောကြား၍ ဧည့်သည်တော်များကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)