နေပြည်တော် ဇန်နဝါရီ ၂၉
စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ယနေ့ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စတင် ကျင်းပရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များနှင့် လူငယ်များ တစ်ခဲနက် ပါဝင် ဆင်နွှဲကြသည်။
အဆိုပါပွဲတော်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေး ရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပြခန်းများဖြစ်သည့် စာအုပ် စာစောင်များနှင့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိပြခန်း၊ သမိုင်းဝင်စာချုပ်၊ စာတမ်းများနှင့် မှတ်တမ်းမှတ်ရာများပြခန်း၊ ရေကြောင်းပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်း၊ လေကြောင်းပညာရပ်ဆိုင်ရာ ပြခန်း၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ အသိပညာပေးပြခန်း၊ ပန်းချီ၊ အနုပညာပြခန်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာ အသိပညာပေးပြခန်းနှင့် အားကစားလှုပ်ရှားဆောင်ရွက်မှု ပြခန်းစသည်ဖြင့် ပြခန်းပေါင်း ၄၀ ကျော် ခင်းကျင်းပြသထားသည်။
ထို့ပြင် ကျောင်းသား ကျောင်းသူများနှင့် လူငယ် လူရွယ်များ အားကစားစိတ်ဓာတ် ရင့်သန်စေပြီး နိုင်ငံတော်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ လေ့ကျင့်နေမှုကိုလည်း လေ့လာနိုင်မည့် အစီအစဉ်တစ်ခုကို ထည့်သွင်းထားရာ စိတ်ပါဝင်စားစွာ လေ့လာကြသည်ကို တွေ့မြင်ရသည်။
ကြည့်ရှုလေ့လာ
ယခုနှစ် ပွဲတော်၌ ထူးထူးခြားခြားအဖြစ် မြန်မာနိုင်ငံ၏လူငယ်များ လေကြောင်းပညာရပ်ကို စိတ်ပါဝင်စားလာစေရန်နှင့် ခေတ်ပေါ်နည်းပညာရပ်များ လေ့လာလိုက်စားပြီး နိုင်ငံတော်အတွက် အထောက်အကူပြုစေမည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လေကြောင်းပညာ ရပ်ဆိုင်ရာပြခန်းကို ထည့်သွင်းထားပြီး ပြကွက်များအနေဖြင့် လေကြောင်းသုတ သမိုင်းအစပြကွက်၊ ကောင်းကင်ယံစစ်သမိုင်းသစ်ပြကွက်၊ သမိုင်းတွင် ကျန်ရစ်လေယာဉ် ရွှေခေတ်ပြကွက်၊ စိုးမိုးကောင်းကင် ဒုတိယစစ်ဝေဟင်ပြကွက်၊ စစ်ပြီးခေတ်ဆန်းသစ် ဝေဟင်ပြကွက်၊ လေကြောင်းစွမ်းအား ကမ္ဘာတစ်လွှားပြကွက်၊ မျိုးပေါင်းစုံစွာ လေယာဉ်ကမ္ဘာပြကွက်၊ လေကြောင်းသုတ လေ့လာကြစို့ပြကွက်၊ လူမဲ့လေယာဉ်ခေတ် ဝေဟင်ပြကွက်၊ ကိုယ်တိုင်ပျံသန်း မောင်းကာစမ်းပြကွက်၊ ပျံသာပျံပါ ထက်အာကာ ပြကွက်တို့ကိုလည်း ခေတ်မီဆန်းသစ်စွာဖြင့် ထုတ်ဖော်ပြသထားရာ လူငယ်လူရွယ်များ စိတ်အားထက်သန်စွာ ကြည့်ရှုလေ့လာကြသည်။
ထို့ပြင် စာအုပ်စာပေ ဖတ်ရှုလေ့လာရန် အားသန်ကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ကလေးငယ်များအတွက်လည်း စာပေဗိမာန် အရောင်းပြခန်း ဖွင့်လှစ်ထားပြီး စာပေဆုရ စာအုပ်များ၊ ရသ စာအုပ်များ၊ ဘဝအောင်မြင်ရေး စာအုပ်များ၊ ကျန်းမာရေးကဏ္ဍ စာအုပ်များ၊ ပညာရပ်ဆိုင်ရာ စာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ အနုပညာ စာအုပ်များ၊ ဆောင်းပါးများ၊ ရုပ်ပြစာအုပ်များ၊ စီးပွားရေးစီမံခန့်ခွဲမှု စာအုပ်များနှင့် သမိုင်းစာအုပ်များ ခင်းကျင်းပြသရောင်းချလျက်ရှိရာ စာပေဗဟုသုတများနှင့် စာပေအသိဉာဏ်များစွာရရှိစေမည့် ပြခန်းတစ်ခု ဖြစ်သည့်အတွက် စာပေချစ်သူများဖြင့် စည်ကားလျက်ရှိသည်ကိုလည်း တွေ့မြင်ရသည်။
လက်ဆောင်ပစ္စည်းများပေးအပ်
ပွဲတော်ကြီးသို့ လာရောက်လေ့လာဆင်နွှဲကြသည့် လူငယ်များနှင့် ကလေးငယ်များ ပျော်ရွှင်စေရန် အတွက်လည်း စုပေါင်းဆော့ကစားရသည့် ဂိမ်းများဖြစ်သော ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိမ်ဆောက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် စကားပုံပြိုင်ပွဲများကိုလည်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကန့်သတ်နေရာများအလိုက် ဆော့ကစားစေပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ကြသည်။
ထိုသို့အသိပညာဗဟုသုတရရှိစေမည့် အစီအစဉ်ကောင်းများအပြင် စိတ်ပျော်ရွှင်ချမ်းမြေ့စေမည့် ဖျော်ဖြေရေး အစီအစဉ်များအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အနုပညာဦးစီးဌာနမှ အနုပညာ ရှင်များ၊ ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေမှုများကြောင့်လည်း ပွဲတော်ကြီးကို ပို၍အသက်ဝင် စေခဲ့သည်။
ယခုအချိန်အခါသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်ခြင်းကြောင့် ပွဲတော်သို့ လာရောက်ကြသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ပေးပြီးမှသာ ပွဲတော်အတွင်းသို့ဝင်ရောက် ခွင့်ပြုသည့် အပြင် တစ်စုံတစ်ရာကျန်းမာရေး ချို့ယွင်းမှုဖြစ်ပေါ်ပါကလည်း အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များကိုလည်း ထည့်သွင်းထားကာ ပွဲတော်ဧရိယာအတွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ အသိပညာပေးဆိုင်းဘုတ်များ၊ ဗီနိုင်းများကိုလည်း နေရာအနှံ့ ချိတ်ဆွဲဖော်ပြ ပေးထားသည်။
လူငယ်နှင့် စာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာမည့် ကလေးများနှင့် လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ်အယူအဆများ ထက်မြက်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်း များ ရရှိလာစေရန်၊ လူငယ်များ၏ တီထွင်ဖန်တီးလိုစိတ် ရင့်သန်လာစေရန်နှင့် စာပေဖတ်ရှုလေ့လာလိုစိတ် မြင့်မားလာစေရန်၊ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးအပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင်ပေးနိုင်ရန်နှင့် အနာဂတ် လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
ထို့ကြောင့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန် လာစေရန်အတွက် အထောက်အကူပြုမည့် လူငယ်နှင့်စာပေပွဲတော်ကြီးကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နံနက် ၉ နာရီ ခွဲမှ ညနေ ၅ နာရီခွဲအထိ ကျင်းပသွားမည် ဖြစ်သောကြောင့် အခွင့်အရေးကို လက်လွတ်မခံဘဲ မည်သူမဆို လွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
သတင်း - မျိုးဆက်သစ်၊ ဓာတ်ပုံ - ကိုထိန်အေး