Skip to main content

ကင်းသာ(၁)၊ (၂) ကုန်ထုတ်စခန်းများနှင့် နေပြည်တော်အချုပ်ထောင်တို့ကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်နုနုယဉ်နှင့် ဦးကျော်မြင့်တို့အဖွဲ့သည် ဇန်နဝါရီ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် ကင်းသာ(၁)၊ (၂) ကုန်ထုတ်စခန်းများနှင့် နေပြည်တော်အချုပ်ထောင် တို့ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်း သားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေး ဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ၊ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ၊ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိခြင်း ရှိ၊ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှုစစ်ဆေးခဲ့သည့် အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ကုန်ထုတ်စခန်းများနှင့် နေပြည်တော်အချုပ်ထောင်တို့တွင် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သောက်ရေနှင့် သုံးရေကန်များ၊ Quarantine ထားရှိသည့် အဆောင်၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှုရှိ၊ မရှိကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ကုန်ထုတ်စခန်းများနှင့် နေပြည်တော် အချုပ်ထောင် တို့ကို ကော်မရှင်က ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ အုပ် ၄၀၀ တို့ကို လှူဒါန်းခဲ့သည်။

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်