နေပြည်တော် ဇန်နဝါရီ ၂၈
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်တွင် MIP ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့မှ စစ်ဆေးဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ဖော်ပြကြေညာချက်များနှင့် ကွဲလွဲနေသည့် ကြွေခွက်အလုံး ၇၂၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၄၁၀၄၂၀)ကို လည်းကောင်း၊ သွင်းကုန်ကြေညာ လွှာတွင် ဖော်ပြကြေညာထားခြင်း မရှိသော ဂဟေဆော်တံ ဖာ ၁၅၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၇၄၁၀၄၂၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျောက်ဖြူ မြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် သင်ဘုန်းသစ်ခွဲသား ၇၁ ဒသမ ၃၇၀၇ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၉၅၉၄၉) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မှုခင်းရဲတပ်ဖွဲ့မှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့ အေးရိပ်ချောင်လမ်းမကြီးရှိ ဆင်မင်း (ကုန်စည်ပို့ဆောင်ရေး) ကားဝင်း ဂိုဒေါင် အတွင်း၌ ခဲ/သတ္တုအိတ် ၃၂၅ အိတ်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၁၂၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းနေ့တွင်ပင် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် ရွာမလမ်းတစ်လျှောက်ရှိ ပါချန်မြစ် မေးတင်ဂိုဒေါင်များနှင့် အခြားတရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်/သိုလှောင်နိုင်သော နေရာများကို တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဖြင့် ရှာဖွေဖမ်းဆီး ဆောင်ရွက်ခဲ့ရာ တရားမဝင် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၂၆၆၃၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇန်နဝါရီ ၂၇ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ စီမံခန့်ခွဲမှုဖြင့် ပင်းတယမြို့နယ် ကျုံးရဲကင်းစခန်း ပူးပေါင်းအဖွဲ့မှ လွှဲပြောင်းအပ်နှံခဲ့သော မော်တော်ယာဉ် ရှစ်စီးနှင့် ပတ်သက်၍ ယာဉ်နှင့် ယာဉ်ပေါ်ပါကုန်ပစ္စည်းများအား စစ်ဆေးဆောင်ရွက်ခဲ့ရာ လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁၂၇၅၀၀၀)၊ အလှကုန်နှင့် စားသောက်ကုန်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၆၃၂၅၅၀၀) နှင့် ကုန်တင်မော်တော်ယာဉ်ရှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၇၆၀၀၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ စစ်ကိုင်းမြို့နယ်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ဂျုံမှုန့် ၁၂၀ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀)နှင့် ရွှေပါဝင်သည်ဟု ယူဆရသော ဖြုန်းမြေအိတ် ၄၈၀ ကီလိုဂရမ် ၁၂၀၀၀ တို့ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်/သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄၈၁၂၃၁၆၉) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်