Skip to main content

စာပေဗိမာန်မှ စာပေဗိမာန် စာမူဆုရ စာအုပ်များနှင့် သုတ၊ ရသစာအုပ်များ ထုတ်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန် စာမူဆုရ စာအုပ်များနှင့် ပြည်သူများ ပညာဗဟုသုတ တိုးပွားစေရေးအတွက် မြန်မာစာပေဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် အများပြည်သူ ဗဟုသုတတိုးပွားရေးအတွက် စာကောင်းပေမွန်များကို ထုတ်ဝေလျက် ရှိသည်။

ထိုသို့ ထုတ်ဝေရာတွင် စာပေဗိမာန် စာမူဆု၊ လူငယ်စာပေ ဒုတိယဆုရရှိသည့် စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင်)၏ “မမဆိုသော သမီးကြီး” စာအုပ်၌ မိသားစုတစ်စု၏ အကြီးဆုံးသမီး ဖြစ်သူ မိန်းကလေးတစ်ဦး၏ အလုပ်တစ်ဖက်နှင့် ပညာရေးကို ကြိုးပမ်းအားထုတ်ရင်း ညီမငယ်လေးများအတွက် စံပြဖြစ်အောင် ဦးဆောင်ပုံ၊ အစ်မကြီး အမိအရာ ရပ်တည်သွားပုံ၊ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ရပုံတို့ကို “နုနု ငယ်ငယ် မမ၊ ခယောင်းလမ်းနှင့် ခြေလှမ်းများ၊ အမိအရာ၊ တက္ကသိုလ် ကျောင်းသူကြီး၊ ခြစ်သောအချစ်၊ မမဆိုသော သမီးကြီး၊ မမပန်းတောသူ” စသည့် ခေါင်းစဉ်ခွဲ ခုနစ်ခုဖြင့် လူငယ်များ အားကျ အတုယူဖွယ် သရုပ်ဖော် ရေးဖွဲ့ထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး ၎င်းစာအုပ်ကို ရောင်းဈေး ငွေကျပ် ၂၀၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ မျိုးဆက်သစ်လူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆများ မှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားရန်နှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားပေးလမ်းညွှန်မှု ပြုနိုင်ရန် ဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားသည့် “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်နှင့် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)၏ “အမွေခံ တစ်ယောက် အမွေပေးသူ တစ်ရာ” စာအုပ်တို့ကို ပြန်လည် ထုတ်ဝေလိုက်သည်။

ဆရာဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်၌ လူငယ်များအတွက် အကောင်းဆုံးသော ဘဝကို တည်ဆောက်နိုင်မည့် အတွေးအမြင် ခံယူချက် စိတ်ထားနှင့် ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်များ အောင်မြင်ဖို့ တည်ဆောက်ခြင်းနှင့် အမြင်များ၊ ရှက်စိတ်၊ ကြောက်စိတ်နဲ့ အောင်စိတ်၊ လူငယ်နှင့် စူးစမ်းလေ့လာမှုများ၊ တာဝန် လိပ်ပြာသန့်မှု၊ အလှအပနှင့် ဝင့်ကြွားခြင်း၊ အသုံးကျခြင်းနှင့် နှလုံးလှခြင်း၊ လူငယ်နှင့်သိပ္ပံ အတွေး၊ ယုံကြည်စိတ်ချမှုနဲ့ ဘဝအမြင်၊ လူငယ်နဲ့ တက္ကနိုလိုဂျီ စသည်ဖြင့် လူငယ်များအတွက် ခွန်အားဖြည့် ဆောင်းပါးများ စုစုပေါင်း ၂၈ ပုဒ်ပါရှိပြီး တန်ဖိုး ငွေကျပ် ၃၀၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။

စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)၏ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်၌ ကျောင်းသားဘဝကို ဖြတ်သန်းခဲ့သော လူငယ်တစ်ဦးချင်းစီ၏ ဘ၀ခရီးလမ်းတွင် တင့်တင့်တယ်တယ် လျှောက်လှမ်းနိုင်ရန်အတွက် ပညာအမွေ၊ စိတ်ဓာတ်အမွေများ လက်ဆင့်ကမ်းပေးရုံမျှမက တစ်ကိုယ်ရေ ကျန်းမာရေး ပြည့်စုံဖို့မှသည် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေထိုင် ဆက်ဆံတတ်ဖို့အထိ ဘက်စုံ ပျိုးထောင်ပေးခဲ့သော ဆရာ၊ ဆရာမပေါင်း ရာဂဏန်းအထိ ရှိပုံနှင့် ကျေးဇူးတရားကြီးမားလှပုံကို ဆရာမောင်ခင်မင် (ဓနုဖြူ) က ကိုယ်တွေ့ ဖြစ်ရပ်များဖြင့် ရေးဖွဲ့ထားပါသည်။

ယနေ့ သင်ကြားပို့ချနေသော ဆရာ၊ ဆရာမများနှင့် သင်ကြား ပို့ချမှုခံယူသော ကျောင်းသား၊ ကျောင်းသူများ၏ စေတနာ၊ ခံယူချက် သဘောထား၊ ကျင့်သုံး ဆောင်ရွက်မှု၊ အားထုတ် လုပ်ဆောင်မှုများကို ထပ်ဆင့်၍ အကျိုးရှိစေမည့်အပြင် အနာဂတ်တွင် တိုင်းပြည်တာဝန်ကို ကျရာ အခန်းကဏ္ဍမှ လက်ဆင့်ကမ်း တာဝန်ယူ ဆောင်ရွက်ကြမည့် မျိုးဆက်သစ် လူငယ်များကို စိတ်ဓာတ်အခြေခံမှအစ ထိန်းသိမ်းတည့်မတ်ပေးနိုင်မည် ဖြစ်ပါသည်။ ဆရာကြီးက ဤသို့သော စေတနာရည်ရွယ်ချက်ကောင်းများဖြင့် သုတရသမြောက်စွာ ရေးဖွဲ့ထားသောကြောင့် အိမ်တွင် မရှိမဖြစ် ဆောင်ထားသင့်သည့်  စာအုပ်ကောင်းတစ်အုပ် ဖြစ်ပြီး တန်ဖိုးငွေကျပ် ၃၅၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။

အဆိုပါ စာအုပ်များကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈၊ အမှတ်(တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း- ၀၆၇၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်း နှင့် ၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း-၀၂- ၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါကအမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် အရောင်းဌာန ဖုန်း- ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်