Skip to main content

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအကျိုးရလဒ်များကိုသတိမူ

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုသည် များစွာအကျိုး သက်ရောက်လျက် ရှိသည်။ လူမှုအသိုက်အဝန်းများမှသည် ကမ္ဘာလုံး ဆိုင်ရာ ဆက်နွယ်မှုအလုံးစုံတို့၌ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ထိရောက်စွာ အလုပ်လုပ် နေသည်ကို တွေ့ရမည်ဖြစ်သည်။ လူသားများ၏ အရေးကိစ္စများကို ဆောင်ရွက်ရာတွင် မည်သည့် ကိစ္စတွင်မဆို ကောင်းကျိုး၊ ဆိုးကျိုးတို့သည် ရှိတတ်သည်ဖြစ်၍ ကောင်းထုတ်၊ အဆိုးနုတ်၍ သတိမူလုပ်ကိုင်ကြရန် လိုအပ်သည်။

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းရဲ့ အကျိုးကျေးဇူးများကို မိမိတို့အားလုံး ကောင်းစွာသိရှိနား လည်ထားပေမယ့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းကြောင့် မိမိတို့ဒေသနဲ့ မိမိတို့ဘဝများအပေါ်သက်ရောက်စေနိုင်တဲ့ထိခိုက်မှုများနဲ့ အနှောင့် အယှက်များကိုလည်း ထည့်သွင်းစဉ်းစားဖို့အရေးကြီးပါတယ်ဟု ဒုတိယအကြိမ် အာဆီယံဒစ်ဂျစ် တယ်ဆိုင်ရာဝန်ကြီးများအစည်းအဝေးသို့နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်အမှာစကား ပေးပို့ပြောကြားခဲ့သည်။

ဒစ်ဂျစ်တယ်နည်းပညာသည် အားလုံးပါဝင်နိုင်ပြီး သာတူညီမျှရှိသည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ပေး နိုင်သည့် ကြီးမားသောအခွင့်အလမ်းများ ဖန်တီးပေးန ေသည်ကို အားလုံးသိရှိထားကြသည်။ ဒစ်ဂျစ်တယ်နည်းပညာ၏ အကျိုးသက် ရောက်မှုများကို ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ၌ အထင်အရှားမြင် တွေ့လာရသည်။ တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံရန်ခက်ခဲသော ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလ၌ ဒစ်ဂျစ်တယ်နည်းပညာသည် အဓိကတွန်းအားများ ဖြစ်ပေါ်စေခဲ့သည်။ ဒစ်ဂျစ်တယ်နည်း ပညာဖြင့် ကမ္ဘာတစ်ဝန်း ကြီးမားသောလူမှုစီးပွားရေးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့သည်။ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းမှသည် နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်းစီ၏ ဘဝများအပေါ် အကျိုးကျေးဇူးသက်ရောက်ခဲ့သည်။

သို့သော် ဒစ်ဂျစ်တယ်နည်းပညာအသွင်ကူးပြောင်းခြင်းကြောင့် အကျိုးကျေးဇူးများ များစွာဖြစ်ထွန်း သလို ဆိုးကျိုးများစွာရှိနေသည်ကိုလည်း သိရှိနားလည်ထား ကြသည်။ ဒစ်ဂျစ်တယ်နည်းပညာ ကိုအသုံးပြု၍ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဖွဲ့ အစည်း ဆိုင်ရာ၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး ဆိုင်ရာတို့တွင် အသုံးချအမြတ် ထုတ်မှုများရှိလာသည်။ အထူးသဖြင့် ဒစ်ဂျစ်တယ်ပလက် ဖောင်းပေါ်တွင် သတင်း တု၊ သတင်းမှားများ ပြုလုပ်လာပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာကြသည်။ ကောလာဟလသတင်းများ လွှင့်ထုတ်ခြင်း၊ အမုန်းစကားများ ဖန်တီးခြင်း၊ အကြမ်းဖက်မှုကို လှုံ့ဆော်ရာ ရောက်သော၊ သွေးထိုးပေးသော ကိစ္စရပ်များကိုဆောင်ရွက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ရိုင်းစိုင်းခြင်း တို့သာမက တိုင်းပြည်ပျက်စီးရေးအထိလုပ်ကိုင် လာကြသည်ကို တွေ့ရမည်ဖြစ်သည်။

အနီးစပ်ဆုံးသာဓကအားဖြင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်တွင် ငွေကြေးဆိုင်ရာလိမ်လည်မှုများ များစွာပြုလုပ်နေကြသည်ကို တွေ့ရသည်။ မကြာသေးမီက အွန်လိုင်းပေါ်တွင် အချိန်းအချက်ပြုလုပ်၍ ငွေကြေးလဲလှယ်ရန်ဟန်ဆောင်ပြီး ဓားပြတိုက်မှု၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေရန်နှင့် အုပ်ချုပ်ရေး ယန္တရားကိုဖီဆန်စေရန် ပြည်သူများအား အသံတိတ်၊ အသံထွက်သပိတ်များ ပြုလုပ်ကြရန် သွေးထိုးလှုံ့ဆော်မှု စသည်တို့ကို ပြုလုပ်လာကြသည်။ ထို့အပြင်ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက် အလက်နှင့် စားသုံးသူဆိုင်ရာအချက်အလက်များကို တိုက်ခိုက်ဖျက်ဆီးမှုများလည်းရှိလာခဲ့သည်။

 ဒစ်ဂျစ်တယ်နည်းပညာ၏အရေးပါမှုသည် ပြည်တွင်း၌တွင်ကျယ်လာသကဲ့သို့ နိုင်ငံတကာ ထိတွေ့ဆက်ဆံရေးနယ်ပယ်တွင်လည်း အရေးကြီးသည့်အခန်းကဏ္ဍ တွင်ပါဝင်လာသည်။ ကပ်ရောဂါကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်စေရန် ကူညီပေး နိုင်သည့်အခြေအနေများရရှိလာသည်။ ပြည်တွင်း၊ ပြည်ပကုန်သွယ်စီးပွား ဆက်သွယ်ဆောင်ရွက်ရေးတွင် များစွာထိရောက်မှုရှိ လာသည်။ အခြားတစ်ဖက် တွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၌ဆိုက်ဘာလုံခြုံရေးသည်အထူးအရေးပါ သည့် အစိတ်အပိုင်းဖြစ်လာသည်။ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုဆောင်ရွက် လာသည့် နယ်စပ်ဖြတ် ကျော်ပြဿနာများ၊ နိုင်ငံသားများအပေါ် ဆိုက်ဘာအနိုင်ကျင့်မှုနှင့် လိမ်လည်မှုများပြုလုပ်လာကြသည်။

မည်သို့ပင်ဖြစ်စေ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၏အကျိုးရလဒ်များသည် များစွာကြီးမားကျယ်ပြန့် လာသည်ဖြစ်၍ ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို စဉ်ဆက်မပြတ် မြှင့်တင်ဆောင် ရွက်သွားကြရန်လိုအပ်ပြီး အားလုံးပါဝင်နိုင်သည့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို နိုင်ငံတကာနှင့် တန်းတူဖော်ဆောင် နိုင်ရန်အတူတကွ လက်တွဲလုပ်ဆောင် သွားကြရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ် နည်းပညာမှပေါ်ထွက်လာသော ကောင်းကျိုးရလဒ်များကို ပိုမိုမြှင့်တင်ဖော်ဆောင်ပြီး ဒစ်ဂျစ်တယ် နည်းပညာအား အသုံးချတိုက်ခိုက်မှုများကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက်လည်း အစဉ်အမြဲ ဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း။ ။

(ကြေးမုံအယ်ဒီတာ့အာဘော်)