စစ်တွေ ဇန်နဝါရီ ၂၇
တောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်ဝင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာညွန့်ဖေ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာညွန့်ဖေ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်နှင့် တောင်ကုတ် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင်တို့က တောင်ကုတ်တက္ကသိုလ်မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က တောင်ကုတ်တက္ကသိုလ် မုခ်ဦးကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက တောင်ကုတ်တက္ကသိုလ် ဆိုင်းဘုတ်ကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က ရခိုင်ပြည်နယ်အတွက် အားထားရသည့်တက္ကသိုလ်အသစ်ကြီး ရရှိသည့် အတွက်လည်း အလွန်ပင် ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊ ရခိုင်ပြည်နယ်၏ လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် အားရကျေနပ်စရာ ကောင်းလှပါကြောင်း၊ တောင်ကုတ်မြို့သည်လည်း အချိန်တိုတိုအတွင်း တိုးတက်စည်ပင်လာသည်ကို မြင်တွေ့လာရပါကြောင်း၊ နိုင်ငံတော် တစ်ဝန်းမြို့ရွာများ ယခုကဲ့သို့ စည်ပင်သာယာအောင် နိုင်ငံ့ဝန်ထမ်းများ၊ မြို့ခံလူထုနှင့်အတူ ပညာရှင်များ ပူးပေါင်းလုပ်ဆောင်ကြလျှင် မလွဲဧကန်ဖွံ့ဖြိုးလာမည်မှာ အမှန်ပင် ဖြစ်ကြောင်း၊ ကျရာတာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများကလည်း မိမိတို့တာဝန်ကျရာ ဒေသဖွံ့ဖြိုးတိုးတက်အောင် စေတနာထား ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ပေးကြရန်လိုကြောင်း၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးဆောင်နိုင်မည့် လူရည် လူမွန်များ မွေးထုတ်ပေးနိုင်သည့်တက္ကသိုလ် ဖြစ်ပေါ်လာပါစေဟုလည်း ဆန္ဒပြုပါကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းတို့က အမှာစကား ပြောကြားကြပြီး တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင်နှင့် မြို့မိမြို့ဖ ဦးကျောက်တောင်တို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားကြသည်။
ထို့နောက် တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ်က တက္ကသိုလ်ဖွင့်ပွဲ အထိမ်းအမှတ် ကျောက်စီပန်းချီကားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများကို ပေးအပ်ပြီး တက္ကသိုလ်မှ နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ရိုးမရိပ်ခို တောင်ကုတ်တက္ကသိုလ်၊ ပန်းတိုင်းပွင့်ပါစေ၊ ဝေသာလီ၊ ရခိုင်တို့မြေလာခဲ့လေ တေးသီချင်း ယိမ်းအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ဒုတိယဝန်ကြီးတို့က တောင်ကုတ်တက္ကသိုလ်သို့ ပြည်ထောင်စုတိုင်းရင်းသား မဂ္ဂဇင်းစာအုပ်များ လှူဒါန်းပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ကပြဖျော်ဖြေ တင်ဆက်ကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် တောင်ကုတ် တက္ကသိုလ်၏ လှုပ်ရှားဆောင်ရွက်မှု ပြခန်းနှင့် တက္ကသိုလ်ဘာသာရပ်ဆိုင်ရာ ပြခန်းများကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။
တင်ထွန်း(ပြန်/ဆက်)