Skip to main content

စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် ဆန်းသစ်တီထွင်မှုအလေ့အကျင့်ကောင်းများ မျှဝေခြင်းစီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၇

စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် ဆန်းသစ်တီထွင်မှု အလေ့အကျင့်ကောင်းများ မျှဝေခြင်း စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲ (Hybrid Seminar on Innovative Products Practices for Food Processing in Myanmar)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M Gallery Hotel၌ ကျင်းပသည်။

အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဝါဝါမောင်က ယခုစီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် စားသောက်ကုန်လုပ်ငန်းရှင်များအနေဖြင့် အစားအသောက် ဘေးကင်းလုံခြုံရေးအပိုင်း၊ ထုတ်လုပ်မှုအပိုင်း၊ ထုပ်ပိုးမှုအပိုင်း၊ ဈေးကွက်နှင့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်သည့် ဆန်းသစ်တီထွင်သည့် အတွေ့အကြုံကောင်းများ ရရှိစေမည်ဖြစ်ပြီး ပြည်တွင်းထုတ်ကုန်များအား အာဆီယံဒေသတွင်းသို့ တင်ပို့လာနိုင်မည့် အခြေအနေကောင်းများ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ASEAN Secretariat က အာဆီယံ အတွင်းအရေးမှူးချုပ်ရုံးအနေဖြင့် ချိတ်ဆက် ဆောင်ရွက်နေမှု အခြေအနေများ၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အာဆီယံနိုင်ငံများရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ဖြစ်နိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

အဆိုပါဆွေးနွေးပွဲကို ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့မှ MSME လုပ်ငန်းရှင်များ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အာဆီယံ၊ ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များက Virtual ဖြင့် တက်ရောက်ကြသည်။

အာဆီယံ-ဟောင်ကောင်(တရုတ်)ဒေသတွင်းရှိ စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ လုပ်ငန်းရှင်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ကွန်ရက်တိုးချဲ့ရန်၊ မြန်မာလုပ်ငန်းရှင်များအနေဖြင့် စားသောက်ကုန် လုပ်ငန်းများနှင့်ပတ်သက်သည့် ဆန်းသစ်တီထွင်သည့် အသိပညာ၊ အတွေ့အကြုံများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် သွင်းကုန်လုပ်ငန်းများအပေါ်တွင် အခြေခံ၍ ပြောင်းလဲလုပ်ကိုင်နိုင်မည့် နည်းဗျူဟာများ ပိုမိုရရှိလာပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန် ဆန်းသစ်သည့် အတွေးအခေါ်နှင့် ထုတ်လုပ်မှုဒီဇိုင်းပုံစံများ စနစ်တကျ တွေးခေါ်လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသည် အာဆီယံ-ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှု ဒေသရန်ပုံငွေဖြင့် မြန်မာနိုင်ငံအတွင်းရှိ စားသောက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် ဆန်းသစ် တီထွင်မှုအလေ့အကျင့်ကောင်းများ မျှဝေခြင်း စီမံကိန်း “ Innovative Products Practices for Food processing in Myanmar” ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်