(၂၇-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေး ခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၆-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၁,၉၁၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆၈) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၄၁) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၃၁၆,၅၀၅) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၃၄,၆၇၁) ဦး ရှိပြီဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁၆၁) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၅၁၂,၇၄၂) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ပါသည်။ ယနေ့တွင်လည်း COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ မရှိ သဖြင့် COVID-19 ရောဂါဖြင့် သေဆုံးမှုမရှိသည်မှာ (၄) ရက်ဆက်တိုက်ရှိပြီဖြစ်ပါသည်။
• ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) နှင့် ပတ်သက်၍ ရောဂါဖြစ်ပွားမှုများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင် ရွက်ခြင်း၊ အသွားအလာ ကန့်သတ်၍ သီးသန့်ခွဲခြားထားရှိရာနေရာ (Quarantine Center) များ၊ ကုသရေးစင်တာ (Treatment Center) များနှင့် အောက်စီဂျင်အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ခြင်း၊ နှီးနွယ်ဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။
• သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ကူးစက်မှုမှ ကာကွယ်ရေး အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးအခြေခံစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေး ဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်းစသည်တို့ကို မမေ့မလျော့ သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အားသွန် ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းများကိုကျရာကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေး တိုက်တွန်း နှိုးဆော်အပ်ပါသည်။
•COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။