နေပြည်တော် ဇန်နဝါရီ ၂၇
မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့နံနက် ၆ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ယနေ့တွင် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် သုံးဆင့်ခုန် (အမျိုးသမီး)၊ လှံတံပစ် (အမျိုးသား)၊ သံလုံးပစ် (အမျိုးသမီး)၊ သုံးဆင့်ခုန် (အမျိုးသား)၊ မီတာ (၁၀၀) တန်းကျော် (အမျိုးသမီး)၊ မီတာ (၁၁၀) တန်းကျော် (အမျိုးသား)၊ မီတာ (၁၀၀) (အမျိုးသား/ အမျိုးသမီး) အပြေး၊ မီတာ (၁၀၀x၄) လက်ဆင့်ကမ်း (အမျိုးသား+အမျိုးသမီး)၊ မီတာ (၄၀၀x၄) လက်ဆင့်ကမ်း (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့သည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ (အမျိုးသမီး) သုံးဆင့်ခုန်ပြိုင်ပွဲ၊ (အမျိုးသား) လှံတံပစ်ပြိုင်ပွဲ၊ (အမျိုးသမီး) သံလုံးပစ်ပြိုင်ပွဲ၊ (အမျိုးသမီး) မီတာ(၁၀၀) တန်းကျော် ပြေးပြိုင် ပွဲ၊ (အမျိုးသား) မီတာ(၁၁၀) တန်းကျော်ပြေးပြိုင်ပွဲများတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး များမှ ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်းအုပ်ချုပ်သူများက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
(အမျိုးသမီး) မီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် (အမျိုးသား+အမျိုးသမီး) မီတာ(၁၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော စစ်ကိုင်းတိုင်း ဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန် ရှိသူများကလည်းကောင်း။
(အမျိုးသား) မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ (အမျိုးသား) သုံးဆင့်ခုန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲ တမ်းအတွင်းဝန် ဦးကျော်ဆန်းက လည်းကောင်း။
(အမျိုးသမီး) မီတာ(၄၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော တနင်္သာရီတိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိ သွားသော ရှမ်းပြည်နယ်အသင်း၊ တတိယဆုရရှိသွားသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ကို အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက လည်းကောင်း။
(အမျိုးသား) မီတာ(၄၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော စစ်ကိုင်းတိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိ သွားသော တနင်္သာရီတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း။
ရွှေ (၁၂)ခု၊ ငွေ (၅)ခု၊ ကြေး (၃)ခုဖြင့် (အမျိုးသမီး) တံခွန်စိုက်ဆု ရရှိသွားသော တနင်္သာရီ တိုင်းဒေသကြီးအသင်း၊ ရွှေ (၁၀)ခု၊ ငွေ (၁)ခု၊ ကြေး (၁)ခုဖြင့် (အမျိုးသား) တံခွန်စိုက်ဆု ရရှိသွားသော တနင်္သာရီ တိုင်းဒေသကြီးအသင်း၊ ရွှေ (၂၂)ခု၊ ငွေ (၆)ခု၊ ကြေး (၄)ခုဖြင့် စုပေါင်း တံခွန်စိုက်ဆု ရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်းကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)