Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၈)ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနား တက်ရောက်

နေပြည်တော်   ဇန်နဝါရီ   ၂၇

ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ (၁၈) ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုး ရေးသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

 အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး  ဦးတင်ထွဋ်ဦးက သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့၏ ဓါတ်ခွဲခန်းများ အတွင်း၌သာကြိုးပမ်းအားထုတ်နေခြင်း မျိုးမဟုတ်ပဲ နိုင်ငံတကာ၏ သုတေသနတွေ့ရှိချက်များနှင့် အသစ်အသစ်သော သုတေသနပညာရပ်များကိုမျက်ခြေမပြတ်လေ့လာနေကြရန် လိုအပ်ကြောင်း၊ မျိုးကူးစပ်ခြင်း သုတေသနလုပ်ငန်းတွင် သမားရိုးကျ မျိုးကူးစပ်မွေးမြူခြင်း (Conventional Breeding)မှ အဆင့်မြင့် ဇီဝနည်းပညာများ အသုံးချခြင်း (Application of advanced biotechnology)သို့ ပြောင်းလဲအသုံးပြုနေပြီ ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန် သီးနှံများ၏ အရည်အသွေးနှင့် စားသုံးမှု လုံခြုံစိတ်ချစေရန် စိုက်ပျိုးနည်းစနစ်သာမက ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်များဖြစ်သည့် ပြင်ဆင်ထုတ်ပိုး ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း အစရှိသည့် ကွင်းဆက်တ လျှောက်လုံးအတွက် လိုအပ်သည့် သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လယ်ယာကဏ္ဍသာမက မွေးမြူရေးကဏ္ဍဆိုင်ရာ သုတေသန လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ သား၊ ငါးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ အကောင် အထည်ဖော်ရာ၌ စိုက်ပျိုးရေးသုတေသန လုပ်ငန်းများနှင့် ဆက်နွယ်သည့် အပိုင်းများတွင် အတူပူးပေါင်း ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က သုတေသနဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၏ မှတ်တမ်းဗီဒီယိုကိုပြသသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ သုတေသနလုပ်ငန်းများအလိုက် ထူးချွန်ဆုများနှင့် အားကစားနည်းအလိုက် ထူးချွန်ဆုများကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ရာ သုတေသနပညာရှင်များနှင့် အားကစား မောင်မယ်များက ဆုများလက်ခံရ ယူခဲ့ကြသည်။

အခမ်းအနားသို့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစားပညာရှင်ကြီးများ၊ သုတေသီများနှင့် အရာထမ်းအမှုထမ်းများ၊ ထူးချွန်အားကစားမောင်မယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)