Skip to main content

ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်   ဇန်နဝါရီ   ၂၇

ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီ ၂၄ ရက် ည ၉ နာရီတွင် ပြင်ဦးလွင် မြို့နယ်၊ရေငယ်လမ်းဆုံမြို့ ရှောင်လမ်းတွင် ရေတံခွန်လမ်းမှ ပြင်ဦးလွင်မြို့ရှောင်လမ်းဘက်သို့ ဇော်ဌေး(ခ)အာကြီး မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၃၇ ဒသမ ၆၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၂၈ သိန်း သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်း ဆက်အရ ၂၅ ရက်ညနေ ၃ နာရီတွင် ပြင်ဦးလွင်-မန္တလေးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၂၂/၀) အနီးတွင် FUSO ၁၂ ဘီး မော်တော်ယာဉ်အားစစ်ဆေးရှာဖွေရာ ယာဉ်မောင်းအားတွေ့ရှိခြင်း မရှိဘဲ ယာဉ်ပေါ်မှ ဘိန်းဖြူ ၄၂ ဒသမ ၉ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ စုစုပေါင်း ဘိန်းဖြူ ၈၀ ဒသမ ၅၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၂၈ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက် အရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)