နေပြည်တော် ဇန်နဝါရီ ၂၆
အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အထူးအစည်းအဝေး (၂၀၂၂) Special Senior Officials Meeting on Energy (Special Some)2022 နှင့် အာဆီယံစွမ်းအင်ဆိုင်ရာဗဟိုဌာန (ASEAN Centre for Energy - ACE) အုပ်ချုပ်မှုကောင်စီ အစည်းအဝေးတို့ကို ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက်များတွင် ဘရူနိုင်းနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပလျက်ရှိရာ ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးဖြစ်သူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့်အတူ စွမ်းအင်ဆိုင်ရာကဏ္ဍခွဲအလိုက် တာဝန်ရှိသူများ တက်ရောက် သည်။
အစည်းအဝေးတွင် အာဆီယံဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် စွမ်းအင်ဆိုင်ရာကိစ္စ၊ အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၁၆-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation - APAEC 2016-2025) ၏ ဒုတိယအဆင့် ၂၀၂၁-၂၀၂၅ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များမှ ဘရူနိုင်းနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ် များအပေါ် သုံးသပ်ဆွေးနွေးကာ အတည်ပြုမှတ်တမ်းတင်ခဲ့ကြသည်။
ဆက်လက်၍ အစည်းအဝေး၌ အာဆီယံစွမ်းအင် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍခွဲများ ဖြစ်သည့် အာဆီယံရေနံကောင်စီ၊ ကျောက်မီးသွေးနှင့် သန့်စင် သောကျောက်မီးသွေးသုံးစွဲရေး နည်းပညာဆိုင်ရာ ကဏ္ဍခွဲ၊ အာဆီယံလျှပ်စစ်စွမ်းအားဆိုင်ရာကဏ္ဍခွဲ၊ စွမ်းအင်အကျိုးရှိထိ ရောက်စွာ အသုံးပြုရေးနှင့် စွမ်းအင်နှိုးခြံချွေတာရေးကဏ္ဍခွဲ၊ ပြန်ပြည့်မြဲစွမ်းအင် ဆိုင်ရာကဏ္ဍခွဲ၊ ဒေသတွင်းစွမ်းအင်မူဝါဒနှင့် စီမံခန့်ခွဲရေးဆိုင်ရာကဏ္ဍခွဲ၊ မြို့ပြသုံးနျူကလီးယား စွမ်းအင် ဆိုင်ရာကဏ္ဍခွဲ၊ အာဆီယံစွမ်းအင်မူဝါဒ ချမှတ်သူများအဖွဲ့ အစည်းကွန်ရက်နှင့် အာဆီယံ စွမ်းအင်ဗဟိုဌာန အဆင့်မြှင့်တင်ရေးကဏ္ဍတို့နှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘောဒီးယား နိုင်ငံမှ အာဆီယံစွမ်းအင်ကဏ္ဍ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ဆက်လက်ဆောင ်ရွက်သွားမည့် အစီအစဉ်များကို အပြန်အလှန်ညှိနှိုင်းဆွေးနွေး အတည်ပြုကြသည်။
ထို့အပြင် အာဆီယံစွမ်းအင်ဆိုင်ရာဗဟိုဌာန အုပ်ချုပ်မှုကောင်စီအစည်းအဝေးကို ဇန်နဝါရီ ၂၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အာဆီယံစွမ်းအင်ဆိုင်ရာဗဟိုဌာန၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စ၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအပေါ် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိများက အပြန်အလှန်ဆွေးနွေးအတည်ပြုကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်