နေပြည်တော် ဇန်နဝါရီ ၂၆
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် စက်စက်ယိုကွင်း၌ ကျင်းပမည့် မွေးမြူရေးတိရစ္ဆာန်ပြပွဲပြိုင်ပွဲ (၂၀၂၂) ကျင်းပရေး အကြိုပြင်ဆင်မှုများကို ဇန်နဝါရီ ၂၄ ရက်တွင် ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့် ဆည်းဆောင်ရွက်ခဲ့ကြသည်။
တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးသည့်စနစ် ဖွံ့ဖြိုးစေခြင်းဖြင့် အသားစားနွား၊ နို့စားနွား၊ သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာတိုးတက်ထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းစားသုံးမှုအတွက် အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ ဖူလုံစေပြီး မွေးမြူရေးထွက် ကုန်ကြမ်းကုန်ချောများ ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရန်၊ မွေးမြူရေးသမားအချင်းချင်း အပြန်အလှန် ဆက်သွယ်မှုကွန်ရက် ကျယ်ပြန့် လာစေခြင်းဖြင့် ပြည်တွင်း ပြည်ပ ဈေးကွက်ယှဉ်ပြိုင်မှု အားကောင်းလာစေရန်နှင့် မွေးမြူသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ထုတ်လုပ်မှုကောင်းမွန်သော အသားစား၊ နို့စားနွားနှင့် သိုး၊ ဆိတ်မျိုးများကိုဖော်ထုတ်၍ မျိုးထိန်းမျိုးပွား မျိုးမြှင့်လုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပမည့် အဆိုပါပြပွဲပြိုင်ပွဲကို ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်