နေပြည်တော် ဇန်နဝါရီ ၂၅
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် အချို့မြို့ကြီးများ၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပြီး ကယားပြည်နယ် လွိုင်ကော်မြို့နယ် အတွင်း၌လည်း အများပြည်သူတို့ အသုံးပြုလျက်ရှိသည့် လေဆိပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လွိုင်ကော် အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်သို့ လာရောက်နှောင့်ယှက် ပစ်ခတ်ခြင်း၊ မြို့နေပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အကာအကွယ်ပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်း အပါအဝင် အခြားအကြမ်းဖက်မှု လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ကယားပြည်နယ်အတွင်း လိုအပ်သည့် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် လွိုင်ကော်မြို့နယ် ဘာဒိုကျေးရွာ အဆောက်အဦတစ်လုံးအတွင်းမှ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့တွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသည့် အသင်းအဖွဲ့ ဆိုင်းဘုတ်ဖြစ်သော (AVSI) People For Development ကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ လက်ဆွဲအိတ် အလုံး ၁၂၀၊ ခေါက်ဆွဲထုပ် ၁၉၅၀၊ ကွေကာအုပ် ၁၂၀၊ အသားဘူးမျိုးစုံ ၇၆၀၊ ဆီဘူး ၅၅၀၊ စောင်အထည် ၁၀၀ နှင့် ကုလားပဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ အစရှိသည့် လူသုံးကုန် ပစ္စည်းမျိုးစုံကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ပစ္စည်းများနှင့်ပတ်သက်၍ စိစစ်ချက်များအရ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို ထောက်ပံ့ရန် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း စိစစ်သိရှိရပြီး တည်ဆဲဥပဒေများနှင့်အညီ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိပြီး ဒေသခံပြည်သူလူထုအနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင်၌ အကြမ်းဖက်မှုများ ပြုလုပ်ရန် ကြံစည်နေမှုများ၊ အကြမ်းဖက်မှုများကို လုပ်ဆောင်ရန် တစ်နည်းနည်းဖြင့် အားပေးအားမြှောက်မှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါက လျှို့ဝှက်စွာ ဆက်သွယ်သတင်း ပေးပို့နိုင်ကြောင်းနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်