နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုများနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက်အပေါ် အလေး အနက်ထား ထိရောက်စွာ လိုက်ပါဆောင်ရွက်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ယခုအခါ အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ Facebook account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လှုံ့ဆော်မှုများ၊ လူမှုကွန်ရက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းသို့ လှုံ့ဆော်မှုများအပေါ် ပြည်သူ လူထုများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူ သိရှိနိုင်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန် ထားပါကြောင်း။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက် ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရား များဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည် ၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်း နည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒ ဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါကြောင်း။
ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်း ခံရနိုင်ပါကြောင်း။
သို့ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်သည်ကို ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက ပြည်သူလူထုအားလုံး သိရှိစေရေး ဥပဒေစည်းမျဉ်း၊ စည်းကမ်း လုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်ပါဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများအား ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် လေးလေးနက်နက် ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တက်ရောက်လာ ကြသူများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)