နေပြည်တော် ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးနှင့် သက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက မြန်မာနိုင်ငံတွင် ကလေးအလုပ် သမားပပျောက်ရေး အစီအစဉ်ကို ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ လေးနှစ်တာ စီမံကိန်း ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲခဲ့ ရာ စီမံချက်ကာလကို ၂၀၁၉ ခုနှစ်မှစတင်၍ ၂၀၃၃ ခုနှစ်အထိ (၁၅)နှစ်တာကာလ သတ်မှတ်ပြီး ကာလတို ငါးနှစ်စီမံချက် ၃ ခုဖြင့် ဆောင်ရွက် နေခြင်း ဖြစ်ပါကြောင်း၊ စီမံချက်နယ်မြေအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဦးတည်အုပ်စုနှစ်ခုဖြစ်သည့် အသက်(၁၄)နှစ်အောက် ကလေးအလုပ်သမားများနှင့် အသက်(၁၄)နှင့်မှ (၁၈)နှစ်အကြား ကလေးအလုပ်သမားများအတွက် ရည်ရွယ်ဖော်ဆောင် ပေးသွားမည်ဖြစ် ပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လုပ်ငန်းဆောင်ရွက်မှုကို အကြံပြု ဆွေးနွေးသွားစေလို ပါကြောင်း၊ လုပ်ငန်းကော်မတီ ဆောင်ရွက်ရမည့် အညွှန်းကိန်းများနှင့် ကိုက်ညီမှုရှိစေရန်အတွက် မိတ်ဖက်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက်နေမှုများကို လုပ်ငန်းကော်မတီ ဥက္ကဋ္ဌရုံးနှင့် အတွင်းရေးမှူးရုံးများသို့ လစဉ်ပေးပို့ခြင်း၊ ဆက်သွယ်မှု မပြတ်တောက်စေခြင်းတို့အတွက် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် မိမိတို့နိုင်ငံအတွင်း ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ၏ လုပ်ငန်း တာဝန်များကို ထိရောက်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးနှင့် သက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ၂၀၁၉ မှ ၂၀၂၃ ခုနှစ်ထိ ပထမငါးနှစ်စီမံချက် ဦးစားပေးနယ်မြေဖြစ်သည့် ကရင်၊ မွန်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီမှ အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသည့် မိတ်ဖက်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ ဦးစီးဌာနများမှ တာဝန်ရှိသူများက ကလေးအလုပ် သမား ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းကို ဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြမှုများနှင့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ပညာရေးနှင့် အသက်မွေး ဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်မှုရှိစေရေးနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)