Skip to main content

ရခိုင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးအခြေခံသော ကုန်ထုတ်လှုပ်မှုစွမ်းအား ပြည့်ဝရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီ ၂၅

ရခိုင်ပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးအခြေခံသော ကုန်ထုတ်လုပ်မှုစွမ်းအား ပြည့်ဝရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မျှော်မှန်းအထွက် ရာနှုန်းပြည့်မီရေး၊ အရည်အသွေးကောင်း အထွက်နှုန်း ကောင်းသီးနှံမျိုးများ ပြောင်းလဲအသုံးပြုနိုင်ရေး၊ မိုးများဒေသဖြစ်၍ ရေထုတ်မြောင်းများ ကုန်ထုတ်လမ်းများပါဝင်သည့် စနစ်ကျ လယ်မြေ များ ဖော်ထုတ်လုပ်ကိုင်ရေး လယ်ယာသုံး စက်ကိရိယာ ပြုပြင်၊ ထိန်းသိမ်း၊ မောင်းနှင်ခြင်း သင်တန်းများ ဖွင့်လှစ်ပေးရေး၊ ပုဂ္ဂလိကလယ်ယာ သုံး စက်ကိရိယာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရေး ကိစ္စရပ်များကို လည်းကောင်း၊ စပါးအပြီး ဆီထွက် သီးနှံ သို့မဟုတ် ပဲသီးနှံကို ဒုတိယသီးနှံအဖြစ် သီးထပ် စိုက်ပျိုးနိုင်ရေး၊ ပြည်တွင်းပြည်ပ ဈေးကွက်ရှိနေသည့် နှစ်ရှည်သီးနှံ အုန်း၊ သီဟိုဠ်သရက်၊ ဥယျာဉ်ခြံသီးနှံနှင့် မြေပြန့် ကော်ဖီများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လာစေရန် အားပေးဆောင်ရွက်ရေး ဒေသနှင့်ကိုက်ညီပြီး အလားအလာရှိသည့် ငါး၊ ပုစွန် နှင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ သဘာဝကဏန်းများ မျိုးသုဉ်းမှု မဖြစ်စေရေးအတွက် သားဖောက်မျိုးထိန်းရေး၊ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးခြင်း အလေ့အထ ထွန်းကားလာရေးနှင့် နွား၊ ဆိတ် မွေးမြူမှု   ဖွံ့ဖြိုးလာရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ လမ်းပမ်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးအသုံးပြုနိုင်မှု အခြေအနေပေးသည့် နေရာများရွေးချယ်၍ ကုန်ချောထုတ်လုပ်သည့် စီးပွားရေးဇုန်များ တည်ထောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ကျောက်တော် စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် မွေးမြူရေး ဒီပလိုမာ ဖွင့်လှစ်ရေး စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသတွင်း လိုအပ်လျက်ရှိသော ငါးလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် လယ်ယာလုပ်ငန်းသုံး စက်မောင်း စက်ပြင်သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် သွားမည့် အစီအစဉ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ငါးဖမ်းရေယာဉ်များ စောင့်ကြည့်ထိန်းချုပ်ရေးဌာနခွဲသို့ ရောက်ရှိကြပြီး ဆိုက်ရောက်၊ ထွက်ခွါခြင်း၊ ပင်လယ်ပြင် ငါးဖမ်းဆီးခြင်းစသည့် ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်များ၏ လှုပ်ရှားသွားလာ လုပ်ကိုင်နေမှုများကို တည်ဆဲဥပဒေများ ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး စောင့်ကြည့်ထိန်းချုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့  အင်းစိန်မြို့နယ်ရှိ General Food Technology Industry Co.,Ltd ၏ ဂျပန်၊ ဥရောပနှင့် ဩစတေးလျနိုင်ငံ ဈေးကွက်များသို့ တင်ပို့နေသော အရည်အသွေးမြင့် ပုစွန်နှင့် ကင်းမွန်ကိုအခြေခံသည့် တန်ဖိုးမြင့် အသင့်စား သောက်ကုန်ပစ္စည်းများ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေး အားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)