နေပြည်တော် ဇန်နဝါရီ ၂၅
ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ပြန်လည်ချမှတ်ခြင်း ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ၊ ခရီးသွား လုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ကျင်းပသည့် အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ -၂၀၂၂ (APEC Symposium 2022) ကို ဇန်နဝါရီ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
ဆွေးနွေးပွဲသို့ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ (APEC)နှင့် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ၊ မူဝါဒချမှတ်သူများနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲကို ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများနှင့် မူဝါဒချမှတ်သူ အဆင့်မြင့်အရာရှိကြီးများအကြား ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက် ရေးဆိုင်ရာ လတ်တလော ဆောင်ရွက်နေမှု၊ အနာဂတ်တွင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ခရီးသွားလုပ်ငန်း မူဝါဒ များဆိုင်ရာ အကြံပြုချက်များ ချမှတ်နိုင်စေရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
ယနေ့ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ၊ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီး Mr. Phiphat Ratchakitprakarn က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတကာမှ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များက ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် ဆောင်ရွက်ရမည့် အလေ့အကျင့်ကောင်းများနှင့် ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်း မူဝါဒများ ပြန်လည်ချမှတ်ခြင်းဆိုင်ရာ အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အနာဂတ် ခရီးသွားလုပ်ငန်းအတွက် ရည်မှန်းချက်များ ချမှတ်ခြင်း၊ ခရီးသွား လုပ်ငန်း အသွင်ကူးပြောင်းရေးအတွက် လိုအပ်သော အစီအစဉ်များတွင် မူဝါဒများ ချမှတ်ခြင်း၊ တာဝန်သိ ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများ၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ခြုံငုံသုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဆွေးနွေးပွဲ၏ ပထမပိုင်း အစီအစဉ်များကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့သည်။ ဆွေးနွေးပွဲ၏ ဒုတိယပိုင်း အစီအစဉ်များကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြပြီး နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ အရင်းအမြစ် ကြွယ်ဝမှုနှင့် စွမ်းဆောင်ရည်များမှာ မတူညီသည့် အတွက် ချမှတ်သည့် မူဝါဒများ၏ အောင်မြင်မှုများကို တိုင်းတာမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများကြောင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်း ကဏ္ဍများသည် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုသည့် အချက်ကို ပိုမိုအလေးထား လာခဲ့ကြခြင်းကြောင့် အစိုးရများအနေဖြင့် ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် စီမံကိန်းများ ချမှတ်ရန်နှင့် စီမံခန့်ခွဲမှုများ ပြုလုပ်ရန် ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်း ဈေးကွက်ဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်း၊ ခရီးသွားလာခြင်း ဆိုင်ရာ လိုအပ်သည့် စာရွက်စာတမ်း ရှုပ်ထွေးမှုများ ရှိလာသဖြင့် အားလပ်ရက် ခရီးသွားဈေးကွက်အပေါ် သက်ရောက်မှု၊ မျှဝေစီးပွားရေး လုပ်ငန်းများအပေါ် ကပ်ရောဂါ၏ သက်ရောက်မှုမှ ကုစားမှုစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)