နေပြည်တော်၊ ဇန်နဝါရီ ၂၅
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇန်နဝါရီ (၂၂)ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာစက်မှုဇုန်ရှိ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ ကယားပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဦးစီးမှူးထံသို့ ပေးအပ် ပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)သို့ ရောက်ရှိပြီး သံမဏိထုတ်လုပ်သည့် နည်းပညာရပ်များအား ကျွမ်းကျင်ပညာရှင်များထံမှ လက်ဆင့်ကမ်းရရှိနိုင်ရေး စီမံဆောင်ရွက်ထားရန်၊ စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် အချိန်ဇယား များ ရေးဆွဲဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မမျှော်မှန်းနိုင်သည့် အခက်အခဲများအတွက်ပါ ကြိုတင်မျှော်တွေး၍ စီမံဆောင်ရွက်ထားရန်၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျသည့် သံစိမ်းများကို စီးပွားဖြစ် ထုတ်လုပ်မည့် စက်ရုံဖြစ်၍ စီမံကိန်းလုပ်ငန်းများကို အလေးအနက်ထား စီမံဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်ရုံခွဲများအလိုက် အစီအမံများ ရေးဆွဲဆောင်ရွက်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရေး စီမံဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည်များ မြင့်မားတိုးတက်စေရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူသွားကြရန် မှာကြားသည်။
ထို့နောက် ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ စက်မှုမှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဥပဒေ၊ နည်းဥပဒေတို့အပြင် ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အင်ဂျင်နီယာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ စစ်ဆေးရေးမှူးများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် ဘာသာရပ်အသီးသီး၌ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ထုတ်ပေးလျက်ရှိသည့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များရရှိအောင် ဆောင် ရွက်ထားရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ၊ အရင်းအနှီး၊ ကျွမ်းကျင်လုပ်သားများ ရရှိရေးတို့အတွက်လည်း ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)မှ စက်ရုံလည်ပတ်ပြီး ထွက်ရှိလာသော ကုန်ချောများ သယ်ယူပို့ ဆောင်ရာတွင် အသုံးပြုရန်အတွက် မီးရထားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းခွင်နှင့် စီမံကိန်းလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် စက်ရုံခွဲအသီးသီး၌ ဆောင်ရွက်ထားရှိမှု၊ စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက် နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)