နေပြည်တော် ဇန်နဝါရီ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဂေါပက ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။
ဘက်စုံအလှူငွေများပေးအပ်လှူဒါန်း
ထို့နောက် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြပြီး ရုပ်ရှင်တော်မြတ်ကြီး အတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူကြသည်။
လက်ယာရစ် လှည့်လည်ပူဇော်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘုရားပရိဝုဏ်တော်အတွင်း လက်ယာရစ် လှည့်လည်ပူဇော်၍ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် မဟာမုနိပိဋကတ်တိုက်တော်ကြီး ပြုပြင်မွမ်းမံနေမှု အခြေအနေ များကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
စနစ်တကျမှတ်တမ်းတင်ထားရှိ
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရားပရိဝုဏ်တော်အတွင်းရှိ မြန်မာ့ လက်မှု အနုပညာပစ္စည်းများပြခန်းနှင့် သမိုင်းပန်းချီပြခန်း တို့အတွင်း လှည့်လည်ကြည့်ရှု၍ ပြခန်းများအတွင်း ခင်းကျင်းပြသ ထားသည့် ပစ္စည်း များနှင့် ပန်းချီကား များသည် တန်ဖိုးဖြတ်၍မရသည့် သမိုင်းဝင်ပစ္စည်း များ၊ လက်ရာများဖြစ်သည့်အတွက် ရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းထားရှိရန်လိုအပ်သည့် အခြေ အနေ၊ သမိုင်းအချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်ပြုစုထားမှသာလျှင် နောင်လာ နောက်သားများ အလွယ်တကူလေ့လာနိုင်ပြီး တန်ဖိုး ထားနိုင်မည်ဖြစ်သဖြင့် ရှေးဟောင်းပစ္စည်းများ၏ အလှူရှင်များမှတစ်ဆင့် ခေတ်ကာလ အထောက်အထားများ၊ အချက်အလက်များကိုပြုစု၍ စနစ်တကျ မှတ်တမ်းတင်ထားရှိရန် လိုအပ်သည့် အခြေအနေ၊ ပြုပြင်မွမ်းမံမှုများ ပြုလုပ် ရာတွင် မူလအမှတ်အသားနှင့် အထောက်အထားများ ပျောက်ပျက်မှု မရှိစေရေး ကျွမ်းကျင်ပညာရှင်များနှင့် ဆောင်ရွက်ရန်လိုအပ်သည့် အခြေ အနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်