ကျောက်ဖြူ ဇန်နဝါရီ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ (အကြံပေး) အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်တို့နှင့်အတူ ယနေ့ညနေပိုင်းတွင် အစိုးရ စက်မှုလက်မှု သိပ္ပံ (ကျောက်ဖြူ) ရှိ အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ဆရာကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က အဖွင့်အမှာ စကားပြောကြားပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ) ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်မွန်က ကျောင်းဆိုင်ရာ အချက်အလက်များနှင့် AGTI Diploma သင်တန်း ငါးခုကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကာလတိုသင်တန်းများဖြစ်သည့် အခြေခံအုတ်စီ၊ ကွန်ပျူတာ၊ အိမ်တွင်းလျှပ်စစ်၊ သဘာဝဆပ်ပြာ၊ ဖယောင်းတိုင်ထုတ်လုပ်မှု စသည့်သင်တန်းများကို ၂၀၁၉ ခုနှစ်မှ ယနေ့အထိ သင်ကြားပေးလျက်ရှိ ကြောင်း တင်ပြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုဝန်ကြီးတို့က အားနည်းချက်၊ အားသာချက်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ ကျောင်းဝင်း အတွင်းသို့ လှည့်လည် ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့်အဖွဲ့သည် သိုင်းချောင်းကျေးရွာ လမ်းဆုံရှိ ယာယီရှင်းလင်းဆောင်၌ ဧက ၂၅၀ မြေနေရာတွင် SEZ အကောင်အထည်ဖော် ဆောင်ရွက် မည့် လုပ်ငန်းအခြေအနေကို ကြည့်ရှုစစ်ဆေးရာ ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမြင့်သိန်းကကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
သတင်းစဉ်