Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ မီးငြိမ်းသတ်ပြီး ပြန်လာသည့် မီးငြှိမ်းသတ်ယာဉ် တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်သဖြင့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိ

နေပြည်တော်  ဇန်နဝါရီ  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ မီးငြိမ်းသတ်ပြီး ပြန်လာသည့် မီးငြှိမ်းသတ် ယာဉ်တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်သဖြင့် မီးငြိမ်းသတ် ယာဉ်၏ လေကာမှန်ကွဲကြေပျက်စီးကာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၅ မိနစ်အချိန်တွင် ဘုတလင်မြို့နယ်။ ဇီးတောကျေးရွာ၏ တောင်ဘက် ရွာစည်းရိုးအနီးတွင် စုပုံထားသည့် ပြောင်းရိုးပုံများအား အမျိုးသားတစ်ဦးက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သတင်းအရ ဘုတလင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူများ၏ နေအိမ်များအား မီးကူးစက်လောင်ကျွမ်းမှု မရှိစေရေးအတွက် အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးငြိမ်း သတ်ယာဉ် ၂ စီးတို့ဖြင့် သွားရောက်ကာ မွန်းလွဲ ၁ နာရီအချိန်တွင် စတင်၍ မီးငြိမ်းသတ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သဖြင့် မီးငြိမ်း သတ်ယာဉ်တစ်စီးနှင့် အုပ်ချုပ်မှုယာဉ်တစ်စီးတို့သည် မီးကြွင်းမီးကျန်များ မကျန်ရှိစေရေး စစ်ဆေး ငြိမ်းသတ်ခြင်းလုပ်ငန်းများ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး မီးသတ်ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးတို့အား အခြားကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးသို့ ပြန်လည်စေလွှတ် ထွက်ခွာစေခဲ့ သည်။

ထိုသို့ထွက်ခွာလာစဉ် ဘုတလင်-မုံရွာ ကားလမ်းမကြီး မိုင်တိုင်အမှတ် ၉၈ မိုင် ၇ ဖာလုံနှင့် ၉၉ မိုင်အကြား ရုံးတောကျေးရွာ လမ်းခွဲအရောက်၌ အဆိုပါမီးသတ်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက လမ်း၏ယာယက်မှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် မီးငြိမ်းသတ်ယာဉ်၏ ရှေ့လေကာမှန်ကွဲအက်ပျက်စီးကာ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး၏ နှာခေါင်းနှင့် ယာလက်တို့တွင် မိုင်းစထိမှန်ဒဏ်ရာအချို့ရရှိခဲ့သဖြင့် ဘုတလင်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ရသည်။

ထိုကဲ့သို့ အများပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များအား ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။