နေပြည်တော် ဇန်နဝါရီ ၂၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက်ပိုင်းတွင် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ သွားရောက်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျုတာတက္ကသိုလ်များ၏ ပါမောက္ခချုပ်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ကျောင်းသားများသင်ယူရာတွင် အရည်အသွေးပြည့်ဝပြီး အမှန်တကယ်တတ်မြောက်နိုင်သော ပညာရေးစနစ် အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ICT နည်းပညာများ အသုံးပြု၍ သင်ကြားသင်ယူမှုများ ပိုမိုထိရောက်စေနိုင်ရေး၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ စာကြည့်တိုက်များ ပိုမိုတိုးတက်ကောင်းမွန်နိုင်ရန် စနစ်တကျ ဆောင်ရွက်ထားရှိနိုင်ရေး၊ ကျောင်းသားများ ပျော်ရွှင်စွာ သင်ကြားသင်ယူနိုင်မှု ဝန်းကျင်ကောင်းများ စီစဉ်ထားရှိပေးနိုင်ရေး၊ ဆရာ/ဆရာမများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်မှု သင်တန်းများ စဉ်ဆက်မပျက် ပို့ချနိုင်ရေးတို့ကို မှာကြားသည်။
ဆက်လက်၍ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်က ကျောင်း ဆိုင်ရာ အချက်အလက်များ တင်ပြပြီး တက္ကသိုလ်ရှိ ဆရာ/ဆရာမ၊ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးကာ တက္ကသိုလ်ရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် စာကြည့်တိုက်ကို လှည့်လည်ကြည့်ရှု့စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုတေသနဌာနသို့ ရောက်ရှိပြီး မဲခေါင်-လန်ချန်း ပူပေါင်းဆောင်ရွက်ရေးအထူး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ICT နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုများနှင့် အိန္ဒိယနိုင်ငံ၊ C-DAC အဖွဲ့အစည်းနှင့် ပူးပေါင်း၍ လည်းကောင်း၊ ဂျပန်နိုင်ငံ၊ JICA အဖွဲ့အစည်းနှင့် ပူးပေါင်း၍ လည်းကောင်း ICT နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များမှာကြားပြီး စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ Sever ခန်းများနှင့် စာကြည့်တိုက်အား လှည့်လည်ကြည့်ရှု့စစ်ဆေး၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)