Skip to main content

ဖောင်းပြင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစခန်းများကို အကြမ်းဖက်သမားများက သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်

နေပြည်တော် ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစခန်းနှစ်ခုအား ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် အကြမ်းဖက်သမားအင်အား ၁၀၀ ခန့်စီက သာလွန်အင်အား အသုံးပြု၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် တစ်ပြိုင်တည်း လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ထိုသို့ သာလွန်အင်အားဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် စခန်းများအလိုက် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်သမားများမှ အင်အားထပ်မံ တိုးမြှင့် တိုက်ခိုက်လာခဲ့သည့်အတွက် စခန်းအသီးသီးမှ ခေတ္တဆုတ်ခွာပေးခဲ့ရပြီး အကြမ်းဖက်သမားများက စခန်းများအတွင်းရှိ ရုံးအဆောက်အဦ တစ်လုံးနှင့် လူနေအဆောက်အဦ တစ်လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားရာ နေရာများသို့ တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့များဖြင့် ယနေ့နံနက်ပိုင်းက သွားရောက်၍ စိစစ်ခဲ့ရာ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့နှင့် လက်နက်ငယ်အချို့ ပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် ပျောက်ဆုံးလျက်ရှိသော ရဲတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများအား ပြန်လည်ရရှိရေး၊ ဒေသအတွင်း လုံခြုံမှုရရှိစေရေး အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်း ဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်